မက္ကဆီကို မူးယစ်ဂိုဏ်းများ တရုတ်ကုမ္ပဏီများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုတွင် ပါဝင်ပတ်သက်မှုဖြင့် လူ ၂ ဦးကို အမေရိကန် ဖမ်းဆီး

EPARADAFAS:-

အမေရိကန်တရားရေးဌာနသည် အမေရိကန်သမိုင်းတွင် အဆိုးရွားဆုံးမူးယစ်ဆေးဝါး ပဋိပက္ခကိုဖြစ်ပွားစေခဲ့သည်ဟု အာဏာပိုင်များက ပြောဆိုထားသည့် ဆီနာလိုအာနှင့် ဂျာလစ်စ်ကို မူးယစ်ဂိုဏ်းများအပါအဝင် မက္ကဆီကိုမူးယစ်ဂိုဏ်းများအတွက် ငွေကြေးခဝါချမှုတွင် ပူးပေါင်းပါဝင်မှုဖြင့် လူနှစ်ဦးအား စွဲချက်တင်ထားကြောင်း ကြေညာခဲ့သည်။

ဂျော်ဂျီယာပြည်နယ်မှ တန်လီဖေးအား တာဝန်ရှိသူများက မေ ၂၂ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း တရားရေးဌာနက ယင်းနေ့တွင်ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ ချီကာဂိုမြို့တွင် နေထိုင်သည့် တရုတ်နိုင်ငံသား ချန်းချောက်ကျီကို ဧပြီ ၁၆ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ဗာဂျီးနီးယား အရှေ့ပိုင်းခရိုင်ရှိ ခရိုင်တရားရုံးသို့တင်သွင်းသည့် အမှုတွဲတွင် ဖော်ပြထားသည်။

ချန်းနှင့်တန်တို့သည် နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုအဖွဲ့အစည်းအတွက် အလုပ်လုပ်နေပြီး ဖန်တနယ်လ်နှင့် အခြားတရားမဝင်မူးယစ်ဆေးဝါးများကို အမေရိကန်တွင် ရောင်းချရာမှ ရရှိလာသည့် ငွေကြေးများကို အကျိုးအမြတ်ရယူပြီး ငွေလွှဲပြောင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း အမေရိကန်အစိုးရရှေ့နေများက‌ စွပ်စွဲထားသည်။ အဖွဲ့အစည်း၏အမည်ကို အာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွင် ဒေါ်လာသန်းချီ၍‌ ငွေကြေးခဝါချခဲ့ကြောင်း ပြောကြားခဲ့သည်။

တရားခံဟု ယူဆရသူနှစ်ဦးနှင့် ၎င်းတို့၏ အပေါင်းအပါများသည် ဖန်တနယ်လ်နှင့် အခြားတရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများမှ ရရှိလာသည့် ငွေများကို ကောက်ယူသိမ်းဆည်းရန် အမေရိကန်နိုင်ငံတဝန်း ခရီးထွက်ခဲ့သည်ဟု ယူဆရကြောင်း တရားရေးဌာနက ပြောကြားခဲ့သည်။ ၎င်းတို့သည် ငွေကြေးအရင်းအမြစ်ကို ဖုံးကွယ်ရန် ရည်ရွယ်ပြီး ငွေကြေးလွှဲပြောင်းမှုများမှတဆင့် ငွေကြေးခဝါချရန် တရုတ်အပါအဝင် နိုင်ငံခြားသားများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စွပ်စွဲထားသည်။

တန်နှင့် ချန်းတို့အား ငွေကြေးခဝါချမှု ကျူးလွန်ရာတွင် ပူးပေါင်းကြံစည်မှုဖြင့် အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်သည့် ရာဇဝတ်မှုများဖြင့် အစိုးရရှေ့နေများက သီးခြားစီ စွဲချက်တင်ထားသည်။ အမေရိကန်တရားဥပဒေစိုးမိုးရေးအဖွဲ့သည် ချန်းချောက်ကျီအား နောက်ဆုံးအကြိမ် မဖမ်းဆီးမီ ၎င်းထံမှ မူးယစ်ဆေးဝါးကုန်ကူးမှုမှ အကျိုးအမြတ်ရရှိလာသည်ဟု ယူဆရသည့် သံသယဖြစ်ဖွယ် ငွေကြေးပမာဏအများအပြားကို သိမ်းဆည်းခဲ့သည်။

အမေရိကန်ရှိ ပြည်နယ် ၅၀ စလုံးတွင် မူးယစ်ဆေးဝါးရောင်းချနေပြီး ပြိုင်ဘက်မှန်သမျှကို ထိထိရောက်ရောက် နှိပ်ကွပ်ထားနိုင်သည့် ဂျာလစ်စ်ကိုနှင့် ဆီနာလိုအာ မက္ကဆီကိုမူးယစ်ဂိုဏ်းနှစ်ခု၏ ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအာဏာပိုင်အဖွဲ့(DEA)က နှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ စွဲချက်တင်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကွန်မြူနစ်တရုတ်နိုင်ငံရှိ ကုမ္ပဏီများသည် အဆိုပါ ရာဇဝတ်ဂိုဏ်းနှစ်ခုက ထူထောင်ထားသည့် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ရောင်းချရေးလုပ်ငန်းစဉ်များတွင် အဓိကနေရာမှ ပါဝင်နေပုံရသည်။ မူးယစ်ဂိုဏ်းများသည် ဓာတုကုန်ကြမ်းပစ္စည်းများနှင့် ဆေးပြားထုတ်စက်များကို ရရှိရန် တရုတ်ကုမ္ပဏီများကို မှီခိုနေရသည်။ အဆိုပါ ပစ္စည်းများနှင့်စက်များကို မက္ကဆီကိုသို့ တင်ပို့ပြီး ဖန်တနိုင်းလ်နှင့် အခြားမူးယစ်ဆေးဝါးများကို ထုတ်လုပ်ကာ အမေရိကန်နိုင်ငံသို့ မှောင်ခိုကူးကြောင်း၊ နောက်ဆုံးတွင် မူးယစ်ဆေးဝါးကုန်ကူးရာမှ ရရှိလာသည့် အကျိုးအမြတ်များကို တရုတ်ငွေကြေးခဝါချသူများက အမေရိကန်နိုင်ငံမှ မက္ကဆီကိုသို့ လွှဲပြောင်းခြင်းဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးထိန်းသိမ်းမှုများနှင့် ဆောင်ရွက်ဆဲ စုံစမ်းစစ်ဆေးမှုများသည် ခေတ်သစ် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ငွေကြေးခဝါချမှု၏ ရှုပ်ထွေးမှုနှင့် နိုင်ငံတကာသို့ခြေဆန့်နိုင်မှု သဘောသဘာဝကို ထင်ဟပ်စေပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် တကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ထင်ရှားစေသည်။