ထိုင်ဝမ်ကို တရုတ်က လွယ်လင့်တကူ သိမ်းနိုင်မလား

Asia Times

“မီဒီယာပုံစံအားလုံးဟာ ဝါဒဖြန့်ချိရေးပါပဲ၊ ဒီမှာ ကျွန်တော်တို့က ပိုပြီး ဖြောင့်မတ်တယ်”။ ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့ ဝါဒဖြန့်ချိရေးဗျူရို အဖွဲ့ဝင် ကျို့တာရွှယ်၏ လူမှုမီဒီယာပရိုဖိုင်တွင် ကြေညာထားခြင်း ဖြစ်သည်။

တရုတ်၏ မဟာဗျူဟာသည် ၎င်း၏ ပရိယာယ်လှည့်စားတတ်မှုအပေါ် အခြေတည်ထားခြင်းဖြင့် ထူးခြားလက္ခဏာ ဆောင်နေသော်လည်း များစွာသော အာဏာရှင်အစိုးရများကဲ့သို့ပင် တရုတ်ကွန်မြူနစ်ပါတီသည် ဘာတွေ လုပ်နေသည်နှင့် ဘာကြောင့် လုပ်နေသည်ဆိုခြင်းအား မကြာခဏ တိတိပပ ထုတ်ပြောလေ့ရှိသည်။

Joint Sword 2024A ဟု စုပေါင်းရည်ညွှန်းသော ထိုင်ဝမ်ပတ်လည်၌ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ၏ “အပြစ်ပေး စစ်ရေးလေ့ကျင့်မှုများ” ကို တရုတ်စောင့်ကြည့်သူများအနေဖြင့် ဝါဒဖြန့်ချိရေးနှင့် နိုင်ငံရေး အချင်းများခြင်းတို့၏ မှန်ဘီလူးမှတဆင့် ခွဲခြမ်းစိတ်ဖြာသင့်သည်။

မေ ၂၀ ရက်က ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်၏ ဖွင့်ပွဲမိန့်ခွန်းကို တုံ့ပြန်ခြင်းဟု တရုတ်က သတ်မှတ်ကြေညာသော အဆိုပါ စစ်ရေးလေ့ကျင့်မှုများတွင် ထိုင်ဝမ်ကျွန်းကို တရုတ်က သီးခြား ပိတ်လှောင်ခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းများ ပြုလုပ်နိုင်အောင် ထိုင်ဝမ်ပတ်လည် ဧရိယာများ၌ တရုတ်လေတပ်နှင့် ရေတပ်တို့က နေရာယူလေ့ကျင့်ခဲ့ကြသည်။

အဆိုပါ လေ့ကျင့်မှုများနှင့်အတူ တရုတ် အရှေ့ပိုင်း စစ်ဌာနချုပ်က ဝါဒဖြန့်ချိရေးဗီဒီယိုတခုကိုလည်း ထုတ်လွှင့်ခဲ့ရာ ထိုင်ဝမ်ရှိ ဒုံးကျည်တိုက်ခိုက်ရေးပစ်မှတ် တပုံတခေါင်းကို ပြသထားသည်။ ထို ဗီဒီယို၌ ယခု တိုက်ခိုက်မှုများ၏ ရည်ရွယ်ချက်ကို ဖော်ကျူးသော ကြွေးကြော်သံများအဖြစ် “ထိုင်ဝမ် လွတ်လပ်ရေး၏ အုတ်မြစ်ကို ဖျက်ဆီးကြ၊ ထိုင်ဝမ် လွတ်လပ်ရေး၏ အခြေစိုက်ကို တိုက်ခိုက်ကြ၊ ထိုင်ဝမ် လွတ်လပ်ရေး၏ သွေးစီးဆင်းမှုကို ဖြတ်တောက်ကြ”ဟူ၍လည်း ကြွေးကြော်ကြသည်။

တရုတ်၏ ထိုင်ဝမ်အပေါ် မပြတ်တမ်း ဖိအားပေးနေသည့် လုပ်ဆောင်ချက်နှင့်အတူ အကြံအစည် အခင်းအကျင်းကို ရှုမြင်ရသည်မှာ အနောက်အုပ်စု၏ ရေတပ်ထုတ်လုပ်မှုအပေါ် အားမလို အားမရ ဖြစ်စေပြီး တရုတ်၏ သင်္ဘောတည်ဆောက်မှု အရှိန်မြင့်ခြင်းနှင့် ဒုံးကျည် သိုလှောင်မှု ကြီးထွားလာခြင်းတို့ကို တွေ့မြင်ရမည် ဖြစ်သည်။

ခြိမ်းခြောက်မှု အတိုင်းအထွာ တိုးပွားလာခြင်းနှင့်အတူ တရုတ်ကို ကျော်လွှားနိုင်လိမ့်မည် မဟုတ်ဆိုသော စိတ်ပျက်ဖွယ်ရာ အခြေအနေကို မည်သူမဆို အလွယ်တကူ မြင်တွေ့နိုင်သည်။ သတင်းစကားကတော့ ရှင်းသည်။ ထိုင်ဝမ်ကို တရုတ်၏ စစ်ရေးသိမ်းပိုက်မှုအား ခုခံခြင်းက အချည်းနှီးဖြစ်မည်ဆိုခြင်းပင်။

ထိုင်ဝမ် ကာကွယ်ရေးကို ခေါင်းထဲ ရှိနေသည့် အမေရိကန်မဟာမိတ်နှင့် မိတ်ဖက်များမှာ တရုတ်ကဲ့သို့သော အင်အားကြီး ရန်သူတော်ကို ဆန့်ကျင်ကာ ကြားဝင်စွက်ဖက်ခြင်း၏ ဖြစ်နိုင်ခြေနှင့် တန်ဖိုးတို့အပေါ် မေးခွန်းထုတ်လာနိုင်သည်။

ထို့ပြင် ထိုင်ဝမ် မူဝါဒချမှတ်သူများနှင့် မဲပေးပြည်သူများအတွက်လည်း ၎င်းတို့ ကျွန်းနိုင်ငံတခုလုံးကို လက်သီးမိုးထားသည့် ဧရာမအင်အားကြီး တရုတ်၏ ခြိမ်းခြောက်မှုကို ခံလာရနိုင်သည်။ အကယ်၍ ခုခံတော်လှန်မှု အလဟဿ ဖြစ်မည်ဆိုပါက အနာဂတ် ပြန်လည်ပေါင်းစည်းရေး၏ ဒုက္ခဝေဒနာကို လျှော့ချခြင်းကသာ ထိုင်ဝမ်နှင့် ကမ္ဘာအတွက် ပါးနပ်သော ရွေးချယ်မှု ဖြစ်လိမ့်မည် ဖြစ်သည်။

ယခု ယူဆချက်သည် တရုတ် ကြိုးစားနေသော အငြင်းပွားစရာ မလိုဘဲ ထိုင်ဝမ်အား ပိုင်ဆိုင်မှု ရရေးဆိုသည့် တိကျသော အကျိုးသက်ရောက်မှုပဲ ဖြစ်သည်။ တရုတ်သည် ထိုင်ဝမ်အရေး၌ ပြတ်ပြတ်သားသား အနိုင်ရထားပြီးသားဆိုခြင်းနှင့် ဘယ်သူမှ တတ်နိုင်တော့မည်မဟုတ် ဆိုခြင်းအား ကမ္ဘာကို ယုံကြည်စေချင်သည်။

အတိတ်က ဝါဒဖြန့်ချိမှုကို ကြည့်လျှင် တရုတ်၏ အမှန်တကယ် စစ်အင်အားသည် အန္တရာယ် ရှိသည်ဆိုပေမယ့်လည်း ထင်ထားသည်ထက် အားနည်းကာ ကမ္ဘာက ယုံထားနိုင်သည်ထက် ပိုပြီး မခိုင်မာဘဲ ရှိခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဝါဒဖြန့်ချိမှုများက တရုတ်စောင့်ကြည့်သူများကို ယုံကြည်လာအောင် တွန်းပို့နိုင်သည် ဆိုပါက တရုတ်၏ အရှိန်အဝါပါသော လှုံ့ဆော်စည်းရုံးမှုသည် ထိရောက်ထက်မြက်သည်ဟု ဆိုရမည် ဖြစ်သည်။

ဥပမာအားဖြင့် PLA စစ်ရေးလေ့ကျင့်မှုများကိ တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည့် လိမ်ညာထားသော ဓာတ်ပုံတပုံကို Associated Press က အမှတ်မဲ့ ယူသုံးခဲ့သည်။

ယင်း သတင်းဓာတ်ပုံက တဖြည်းဖြည်း ပြန့်နှံ့သွားပြီး များစွာသော သတင်းစာများ၊ ရုပ်သံများ၊ လူမှုမီဒီယာနှင့် တက္ကသိုလ်ပညာတတ်များကြားတွင် တရုတ်၏ စစ်ရေးသာလွန်မှုကို ပြောကြဆိုကြသည်။ တိုတိုပြောရလျှင် ယင်းသည် ထက်မြက်သော ပရိယာယ်လှည့်စားချက်ကြောင့် သက်ရောက်မှုများ ဖြစ်သွားခဲ့ခြင်းပင် ဖြစ်သည်။

ရုရှားကလည်း ယူကရိန်းအား ၎င်း၏ ၂၀၂၂ တင်းပြည့် ကျူးကျော်မှု မတိုင်ခင် ၎င်း၏ စစ်တပ်သည် ပြင်းထန်လွန်းသော အင်အားကြီးတရပ်ဖြစ်သည်ဟု ပုံဖော်ခဲ့ကာ အလားတူ မဟာဗျူဟာ ကစားခဲ့သည်။

ယင်းနောက် ယူကရိန်း၏ အချုပ်အခြာအာဏာကို ရုရှက ခြိမ်းခြောက်နေသော်လည်း အရေးပါသော စစ်လက်နက်များနှင့် အင်အားအသာစီး ရှိနေသော ရန်သူကို ပြင်းပြင်းထန်ထန် တောင့်ခံနေသော ယူကရိန်း၏ ခုခံတွန်းလှန်မှုက ရုရှားကို မကျော်လွှားနိုင်ဘူးဆိုသော အပြင်ပန်း မျက်နှာဖုံးကို အမြန်အဆန်ပဲ ခွာချလိုက်သည်။

ပျော့ကွက်အားနည်းချက်အား ဖုံးကွယ်ရန် ကြိုးစားသည့် တရုတ်၏ မာယာလှည့်စားမှုအား ဖော်ထုတ်ရန်အတွက် ပထမဦးစွာ မူဝါဒချမှတ်သူများနှင့် သုတေသီများအနေဖြင့် တရုတ်၏ သြဇာလွှမ်းမိုးမှု စစ်ဆင်ရေး၏ သဘောသဘာဝနှင့် အတိမ်အနက်ကို နားလည်ကာ တင်ပြရမည် ဖြစ်သည်။ ဒုတိယအနေဖြင့် ကျူးကျော်မှု ဖြစ်စဉ်အတွင်း တရုတ်၏ နှိုင်းယှဉ်ချက်အရ အားနည်းမှုနှင့် ထိုင်ဝမ်၏ အင်အားများကို သဘောပေါက်ကြရမည်။

နောက်ဆုံးအဖြစ်ကား တရုတ်၏ သာလွန်အင်အားအကြောင်း ဖော်ပြပြောဆိုချက်များကို ခြုံငုံကာ တန်ပြန်ပြီး ဆိုးဝါးသော တရုတ်၏ လှုပ်ရှားဆောင်ရွက်မှုများအား ပြည်သူများ နားမယောင်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။

တရုတ်၏ သြဇာလွှမ်းမိုးရေး တိုက်ပွဲစဉ်

ထိုင်ဝမ်အား လွယ်လင့်တကူ လက်ရရေး ကြိုးပမ်းနေသော တရုတ်၏ သြဇာလွှမ်းမိုးရေး တိုက်ပွဲစဉ်ကို ဘက်စုံထောင့်စုံ စစ်ဆင်ရေးများဖြင့် ဆင်နွှဲနေသည်။ ထင်သာမြင်သာ အရှိဆုံးမှာ Joint Sword 2024A နှင့် တပါတည်း ဝါဒဖြန့်ဗီဒီယိုများ ထုတ်လွှင့်ခြင်းကဲ့သို့ စစ်ရေးလေ့ကျင့်မှုများတွင် စစ်တပ်၏ အင်အားကို ဗြောင်ကျကျပင် ထုတ်ဖော်ပြသသည်။

တရုတ်၏ သြဇာလွှမ်းမိုးရေး တိုက်ပွဲစဉ်သည် လူမှုမီဒီယာတွင်လည်း ခြေတံလက်တံ ရှည်သည်။ တရုတ်ကွန်မြူနစ်ပါတီက ရန်ပုံငွေထောက်သော တရုတ်လို “ပြားငါးဆယ်” ဟု အဓိပ္ပာယ်ရသည့် “wumao” ဆိုသော အင်တာနက်အသုံးပြုသူအုပ်စု ရှိထားသည်။ ထို အုပ်စုသည် အစိုးရ၏ ဝါဒဖြန့်ချိရေးကို ထပ်တလဲလဲ လုပ်ဆောင်ပေးကြပြီး ဝေဖန်လိုပုံရသူများကို အုပ်ဖွဲ့ ထိုးနှက်ရန် တရုတ်အစိုးရက ငွေကြေးထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ ထို wumao ဆိုသူများ၏ အင်အားသည် ထောင်ဂဏန်း ရာနှင့်ချီကာ ရှိနေသည်။

ထိုပြင် တရုတ်အစိုးရသည် ပါတီ၏ မည်သို့သော အရေးကြီးသည့် ဆွေးနွေးမှုကိုမျှ အင်တာနက်အသုံးပြုသူများကို အာရုံလွှဲရန် နှစ်စဉ် အင်တာနက်ပို့စ်ပေါင်း သန်းပေါင်း ရာနှင့်ချီကာ ထုတ်လွှင့်နေသည်။ ထိုကဲ့သို့သော သြဇာလွှမ်းမိုးရေး စစ်ဆင်ရေးများက နိုင်ငံတော် ထိန်းချုပ်သော တရုတ်လူမှုမီဒီယာ ပလက်ဖောင်း Weibo တွင်သာမက အနောက်အုပ်စု ပရိသတ်ကို လွှမ်းမိုးနိုင်ရေး X နှင့် အခြားသော ပလက်ဖောင်းများတွင်ပါ ဖြစ်ပွားပေါ်ပေါက်နေခြင်း ဖြစ်သည်။ လုပ်ပုံကိုင်ပုံ မသပ်မရပ် ရှိနေသေးသော်လည်း တော်တော်များများသော ဝါဒဖြန့်ချိမှုများသည် သိသာသော နောက်လိုက်များနှင့် ပူးပေါင်းလာကြသူများကို ဆက်လက် မွေးထုတ်ပေးနေသည်။

တရုတ်-ထိုင်ဝမ်တိုက်ပွဲ၏ အကျပ်အတည်း

သတင်းမျက်နှာစာအားလုံးတွင် တရုတ်၏ ရန်ပြုသံ ပေးနေခြင်းက ၎င်း၏ အင်အားကို အများသူငှာအား အယုံသွင်းလိုခြင်း သက်သက်သာ မဟုတ်ဘဲ ထိုင်ဝမ်အား စစ်ရေးဖြင့် သိမ်းပိုက်ရန် ကြိုးစားခြင်း လက်တွေ့ဖြစ်လာချိန်၌ ၎င်း၏ အားနည်းချက်ပျော့ကွက်ကို ဖုံးကွယ်ရန် ကြိုးစားခြင်းလည်း ဖြစ်သည်။ စစ်ဆင်ရေး ဆင်နွှဲသည့်အခါ ထိုင်ဝမ်အား သီးခြားခွဲထုတ်ခြင်းနှင့် ပိတ်ဆို့ခြင်းအပြင် ထိုင်ဝမ်ရေလက်ကြားတလျှောက် ကုန်းရေနှစ်သွယ် တိုက်ခိုက်မှုများ လိုအပ်လိမ့်မည် ဖြစ်သည်။

ထိုင်ဝမ်ပတ်လည်အား ပိတ်ဆို့ရေး ထူထောင်ရန် တရုတ်၌ ဝေဟင်နှင့် ရေပြင် ခွန်အား အတိအကျ ရှိသော်လည်း တရုတ်၏ စီးပွားရေး အထူးသဖြင့် နိုင်ငံတကာ ကုန်သွယ်ရေး ကျွမ်းပြန်သွားမည်ဆိုပါက ထိုင်ဝမ်အား ဆက်လက် ပိတ်ဆို့ထားနိုင်ရေးက မဟာဗျူဟာမြောက် ချည့်နဲ့မှု ဖြစ်လာနိုင်သည်။

တပ်ထောက်ကူပြုခြင်း၊ တပ်စွဲခြင်းနှင့် ဝေဟင်ထိန်းချုပ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုကဲ့သို့သော အကြောင်းအချက်များကြောင့်လည်း ထိုင်ဝမ်ပိတ်ဆို့ရေးက မခိုင်မခံ့ ဖြစ်လာနိုင်သည်။

Joint Sword 2024A ကဲ့သို့သော ရန်သူအား ဝန်းရံပိတ်ဆို့သည့် စစ်ရေးသရုပ်ပြမှုများသည် ယာယီသဘောမျိုးသာ ဖြစ်သော်လည်း အလွန့်အလွန် စရိတ်ကြီးပြီး တရုတ်၏ လုပ်နိုင်စွမ်းအပေါ် ပေါင်းစုံဖိအား ဖြစ်စေသည်။

ကြာရှည်အီလေးဆွဲနေသော ပိတ်ဆို့မှုသည် တရုတ်စစ်တပ်စနစ်အတွက် အမိန့်ညွှန်ကြားချက်များ၏ အရေးပါမှုများ၊ ရေရှည် ထိန်းထားနိုင်မှုနှင့် ထောက်ပံ့မှုတို့အပေါ် သံသယရှိမှုများနှင့် ဖြိုခွင်းခြင်း၌ အားနည်းချက်များ ရှိနေမှုဆိုသော ဖိစီးမှုများနှင့် ရင်ဆိုင်လာရမည် ဖြစ်သည်။

အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက စစ်ရေးအရ ကြားဝင်စွက်ဖက်လာလျှင် တရုတ်၏ နောက်ဆုံး စစ်ရေးလေ့ကျင့်မှုကို အမွှမ်းတင်ထားသော “လိုရာ အသင့်ရှိမှု” သည် တရုတ်သင်္ဘောများကို ပစ်မှတ်ထားသော ထိုင်ဝမ်နှင့် အမေရိကန်တပ်များအတွက် “ချေမှုန်းရေး အင်အား” အဖြစ်သို့ အလွယ်တကူ ပြောင်းလဲသွားနိုင်သည်။ အထူးသဖြင့် ထိုင်ဝမ်ကျွန်း အရှေ့ဘက် ကမ်းရိုးတန်းတွင် ဖြစ်သည်။

တရုတ်ပြည်မကြီး ကမ်းရိုးတန်းမှ ထိုင်ဝမ်၏ အရှေ့ဘက် ကမ်းရိုးတန်းအထိ တရုတ်၏ အင်အားလောင်းရိပ်သည် နှိုင်းယှဉ်ရလျှင် ရိုးရိုးစင်းစင်းပင် ဖြစ်သည်။ စစ်ဆင်ရေး၏ ထို လမ်းကြောင်းတလျှောက် တရုတ်သည် အသာစီးရမှုကို ထိန်းထားနိင်ဖွယ် ရှိသည်။ သို့ရာတွင် ထိုင်ဝမ် အရှေ့ဘက် ကမ်းရိုးတန်းကို မဟာမိတ်များနှင့် မိတ်ဖက်များ၏ ပို၍ လွယ်ကူစွာ ထောက်ပံ့နိုင်သည်။ မဟာမိတ်များအနေဖြင့် ဂျပန်နှင့် ဖိလစ်ပိုင် ပိုင်နက်မှ သို့မဟုတ် ပစိဖိတ်မှ လေတပ်နှင့် ရေတပ်အင်အားတို့မှတဆင့် ကြားဝင်စွက်ဖက်နိုင်သည်။ ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်က စစ်ရေးလွှမ်းမိုးထားနိုင်ဖွယ် ရှိသော်လည်း ထိုင်ဝမ် အရှေ့ဘက်အား ထိန်းသိမ်းထားခြင်းသည် အရူးအိပ်မက်သာ ဖြစ်ပေသည်။

မူဝါဒချမှတ်သူများအနေဖြင့် တရုတ်-ထိုင်ဝမ် တိုက်ပွဲ၏ လွန်စွာ ကြီးမားသော အကျပ်အတည်းကို မီးမောင်းထိုးပြသင့်သည်။ ထိုင်ဝမ်ဆီ တရုတ်၏ ကုန်းရေနှစ်သွယ် တိုက်ခိုက်မှုသည် ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်များ၏ နော်မန်ဒီကို ကျူးကျော်သိမ်းပိုက်မှုထက် ပို၍ ကြီးမားပြီး ပို၍ ခက်ခဲရှုပ်ထွေးမည် ဖြစ်သည်။ ပူးပေါင်းစီမံကိန်းနှင့် ညှိနှိုင်းဆောင်ရွက်မှု လိုအပ်မည် ဖြစ်သည်။

တရုတ်အနေဖြင့် အလစ်အငိုက် တိုက်ခိုက်ခြင်းကို ဖော်ဆောင်ရန် စွမ်းဆောင်ရည် နည်းပါးမည် ဖြစ်ပြီး မိုင်းနှင့် ခဲယမ်းများ ပြည့်နေသော သေမင်းတမန်ရေပြင်ကို ဖြတ်သန်းရလိမ့်မည် ဖြစ်သည်။ နောက်ဆုံး တရုတ်တပ်များ ထိုင်ဝမ်ကမ်းခြေဆီ တက်လာနိုင်သည့်တိုင်အောင် သောင်တင်ပြီး ထိန်းချုပ်ဟန့်တားခံရသည့် အဖြစ်သို့ ရောက်ရှိပေမည်။

တရုတ်၏ အလိမ်အညာ ဇာတ်လမ်း တန်ပြန်ခြင်း

တရုတ်၏ မုသားဇာတ်လမ်းဆင်ကို တန်ပြန်ရန် အကွက်ချစီစဉ်ပြီး လက်ဦးမှုယူ တုံ့ပြန်ရန် လိုအပ်သည်။ ဦးစွာ မူဝါဒချမှတ်သူများအနေဖြင့် ကျူးကျော်မှုအခင်းအကျင်း၌ တရုတ်၏ အားနည်းချက်နှင့် ထိုင်ဝမ်၏ အင်အားကောင်းမှုတို့ကို အမျိုးအစားနှင့် အတိုင်းအဆ အမြင့်ဆုံး ဒီဂရီအထိ ပြည်သူများကို မီးမောင်းထိုး အသိပေးရမည် ဖြစ်သည်။

ကိုယ်ပိုင်အုပ်ချပ်ခွင့်အတွက် တိုက်ပွဲဝင်လိုကြသော ထိုင်ဝမ်ပြည်သူအများစု၏ ဆန္ဒနှင့် ထိုသို့သော တိုက်ပွဲအတွင်း ထိုင်ဝမ်ကို ထောက်ပံ့ရန် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နှင့် မိတ်ဖက်များ၏ လိုလိုလားလား ရှိမှုတို့ကို ဖြစ်နိုင်သမျှ တွန်းအားပေးရမည် ဖြစ်သည်။ အခြားသော နည်းလမ်းမှာ တရုတ်၏ ရန်လိုမှုကို ဆက်လက် တွန်းလှန်နေမည့် ဒိုင်းအကာအတွင်း မဟာမိတ်နှင့် မိတ်ဖက်များ၏ ထိုင်ဝမ်အား အလုံးစုံ ကာကွယ်ရေး၌ အရာရောက်မှုကို ပြည်သူများအား လက်တွေ့ထင်ရှားစေရမည် ဖြစ်သည်။

ယုံကြည်မှုလွန်ကဲသော ရုရှား၏ အဖြစ်သနစ်ကိုလည်း မူဝါဒချမှတ်သူများအနေဖြင့် မီးမောင်းထိုးပြကာ ရုရှနှင့် တရုတ်ကြားက တူညီမှုကို မှတ်ချပြုပြရမည်။

နောက်ဆုံးအနေဖြင့် လုပ်ကြံသတင်းများကို ဆန့်ကျင်သော ကာကွယ်နိုင်စွမ်းသည့် လူအဖွဲ့အစည်းကို ရည်ရွယ်သည့် အမျိုးမျိုးသော ကြိုးပမ်းအားထုတ်မှုများကို ထိုင်ဝမ်အပြင် အခြားသော နေရာများ၌ ဆက်လက်ဖော်ဆောင်သင့်သည်။ အထက်တန်းကျောင်းများမှသည် ကောလိပ်အထိ ဖွံ့ဖြိုးပြီး အခြေခိုင်သော မီဒီယာတတ်ကျွမ်းမှု၌ ပို၍ လုံ့လစိုက်ထုတ်လေ သတင်းအချက်အလက်အပေါ် ဝေဖန်ဆန်းစစ်နိုင်သူများ ပို၍ ထွန်းကားလေ ဖြစ်ပေမည်။

ယေဘုယျအားဖြင့် လုပ်ကြံသတင်းများ၏ လွယ်လင့်တကူ နှပ်ချခြင်းကို ခံကြရမည် မဟုတ်တော့ဘဲ အထူးသဖြင့် တရုတ်၏ လုပ်ကြံသတင်းများကိုပဲ ဖြစ်သည်။

တရုတ်၏ လီဆယ်သတင်းများကို ခွဲခြမ်းစစ်ထုတ်ပြီး တန်ပြန်သည့် အားကိုးအားထားရာ ရုံးများသည် ညှိနှိုင်းဆောင်ရွက်နိုင်ကြပြီး ထိုင်ဝမ်လိုလားသော နိုင်ငံများအတွင်း ပြည်သူ့ရေးရာနှင့် သတင်းအချက်အလက်ရုံးများက ချဲ့ထွင်ပေးနိုင်သည်။

တရုတ်၏ ပျော့ကွက်နှင့် ထိုင်ဝမ်၏ အားကောင်းမှုတို့၏ အစစ်အမှန်ကို ချန်နယ်ပေါင်းစုံမှ ထုတ်လွှင့်ခြင်းအားဖြင့် ထိုင်ဝမ်၏ မဟာမိတ်နှင့် မိတ်ဖက်များအနေဖြင့် တရုတ်၏ ဝါဒဖြန့်ချိရေး တန်ခိုးအရှိန်အဝါကို အညွန့်တုံးအောင် လုပ်နိုင်မည် ဖြစ်သည်။ ထိုင်ဝမ်၏ လုံခြုံရေးအပြင် အင်ဒို-ပစိဖိတ် တနံတလျား တည်ငြိမ်ရေးတို့ကို ထောက်ကူရန် ပို၍ အသိကြွယ်ပြီး ဒဏ်ခံနိုင်သော ချည်းကပ်မှုအတွက်လည်း လမ်းပွင့်စေမည် ဖြစ်သည်။