ခြောက်ဘီးကားပေါ် အမှိုက်အိတ်များအောက် ပုန်းအောင်းပြီး ဝင်လာသည့် မြန်မာ ၃၀ ကျော်ကို ထိုင်းရဲဖမ်းဆီး

ခြောက်ဘီးကားပေါ် အမှိုက်အိတ်များအောက် ပုန်းအောင်းပြီး အထောက်အထားမဲ့ ဝင်လာ၍ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအားတွေ့ရစဉ်

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ ခြောက်ဘီးကားပေါ် အမှိုက်အိတ်များအောက် ပုန်းအောင်းပြီး ထိုင်းနိုင်ငံထဲ အထောက်အထားမဲ့ ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၂ ဦးကို မေလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

အဆိုပါ မြန်မာ ၃၁ ဦးလိုက်ပါလာသည့် ခြောက်ဘီးကားကို ထိုင်းနိုင်ငံ၊ ကန်ချဘူရီခရိုင်၊ စံခလဘူရီမြို့နယ်ရှိ နောင်လူကျေးရွာအနီး စစ်ဆေးရေးဂိတ်၌ ထိုင်းရဲတပ်ဖွဲ့က ကားကိုစစ်ရေးစဉ် ထိုသို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက် CH 7 News သတင်းဌာနက ရေးသားထားသည်။

ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၂ ဦးထဲတွင် ကလေးငယ် သုံးဦးနှင့် အမျိုးသမီး ၁၀ ဦးပါဝင်ပြီး ကျန် ၁၉ ဦးမှာ အမျိုးသားများ ဖြစ်ကြသည်။

ထိုင်းနိုင်ငံထဲသို့ အထောက်အထားမဲ့ မြန်မာများကို တင်ဆောင်လာသည့် ခြောက်ဘီးကားမောင်း ထိုင်းနိုင်ငံသား ဇနီးမောင်နှံ နှစ်ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့က အရေးယူထားကြောင်း ထိုင်းသတင်းဌာနတွင် ရေးသားထားသည်။

မြန်မာရွှေ့ပြောင်း အလုပ်သားများသည် တယောက်ကို ပွဲစားခ ဘတ်ငွေ ၁၅,၀၀၀ မှ ၂၅,၀၀၀ အထိပေးပြီး ဝင်ရောက်လာသူများ ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးစဉ် ထွက်ဆိုခဲ့ကြကြောင်း သိရသည်။

ဖမ်းဆီးရမိသူများကို စံခလဘူရီရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်