အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်၌ ဘာသာရေး အဆောက် အအုံ ၁၀၀ ကျော် ပျက်စီး

၂၀၂၂ခုနှစ်အတွင်း ထန်တလန်မြို့ကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးနေစဥ်/ဓါတ်ပုံ – CHRO

ပါခွီး

(မဇ္စျိမ)။ ။စစ်ကောင်စီက နိုင်ငံတော်အာဏာကိုလုယူခဲ့သော သုံးနှစ်ကျော်ကာလအတွင်း ချင်းပြည်နယ် ၌ ဘာသာရေးအဆောက်အအုံ ၁၁၆ ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်မေလအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက် နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကြောင့် ဘုရားကျောင်းအပါအဝင် ဘာသာရေး အဆောက်အအုံ ၁၁၆ လုံးပျက်စီးပြီး ဆေးရုံနှင့် ကျန်းမာရေးအဆောက်အအုံ ၂၆ ခု ၊ စာသင်ကျောင်း ၄၉ ကျောင်း ပျက်စီးခဲ့သည်ဟု ဆိုသည်။

“တမင်တိုက်ခိုက်တာပါ၊ ငါတို့တိုက်ခိုက်ခံရရင် မင်းတို့ရဲ့နေရာတွေကိုလည်း ညှာမှာမဟုတ်ဘူးဆိုတာကို မီးမောင်းထိုးပြပြီး ပြည်သူတွေကို တိုက်ရိုက်သတင်းပေးတာ၊ ပြည်သူတွေတန်ဖိုးထားတဲ့အရာတွေကို ဖျက်ဆီးပြီး စိတ်နာအောင်လုပ်တာ” ဟု CHRO တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

အာဏာသိမ်းမှုကို ချင်းပြည်နယ်တွင်ပြည်သူတရပ်လုံးကလက်မခံဘဲ တော်လှန်ရေးကိုထောက်ခံကြောင်း စစ်ကောင်စီက သဘောပေါက်နားလည်ပြီး တိုက်ပွဲဖြစ်တိုင်း အဆောက်အအုံများကို ဖျက်ဆီးနေခြင်းဖြစ် သည်ဟု ဆိုသည်။

ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ကိုးခုလုံးတွင် ဘာသာရေး၊ စာသင်ကျောင်းနှင့် ကျန်းမာရေးအဆောက် အအုံများ တိုက်ခိုက်ဖျက်ဆီးခံထားရပြီး ထန်တလန်မြို့နယ်တွင် အဆောက်အအုံ ၄၀ ကျော်ဖြင့် အများ ဆုံးပျက်စီးပြီး မင်းတပ်၊ ဟားခါးနှင့် ဖလမ်းမြို့နယ်များတွင်လည်း ပျက်စီးမှုများပြားကြောင်း CHRO တာဝန်ရှိသူက ဆက်ပြောသည်။

“သူတို့က ကြောက်အောင်လုပ်တာ။ ဒါပေမဲ့ ကျနော်တို့စိတ်နာတယ်၊ ဘယ်တော့မှ သူတို့ကိုလက်မခံဘူး” ဟု မီဇိုရမ်ရောက် ချင်းစစ်ဘေးရှောင်တဦးက ပြောသည်။

နေရပ်ဒေသကိုစွန့်ခွာပြီး အခြားနေရာတွင် အခက်အခဲမျိုးစုံဖြင့်နေထိုင်ရချိန်၌ မိမိတို့နေရပ်ဒေသမှ ဘုရား ကျောင်းတွင် ဝတ်ပြုလိုသောစိတ် မကြာခဏဖြစ်ပေါ်မိသည်ဟု ဆိုသည်။

မြန်မာပြည်အနှံ့အပြားတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများတိုက်ခိုက်ဖျက်ဆီးခံနေရပြီး ချင်းပြည် နယ်၌ ပိုမိုဆိုးရွာစွာဖြစ်ပွားလျက်ရှိကာ စစ်ကောင်စီတပ်က ပဋိပက္ခအတွင်း စောင့်ကြည့်လိုက်နာအကာ ကွယ်ပေးရမည့် အဆောက်အဦးများကို စနစ်တကျ ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းသို့ ဖျက်ဆီးမှုအဖြစ်အပျက်နှင့် အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်ထားပြီး နိုင်ငံတကာ တရားစီရင်ရေးတွင် စစ်ကောင်စီကိုအရေးယူနိုင်ရန် CHRO အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က ထန်တလန်မြို့နယ်အတွင်း စစ်ကောင်စီတပ် သတ်ဖြတ်ခံရ သူများ၏မိသားစုဝင်များ၊ နေအိမ်မီးရှို့ခံရသဖြင့်ထွက်ပြေးနေရသည့် နစ်နာသူများအတွက် Myanmar Accountability Project နှင့် CHRO တို့က ဖိလစ်ပိုင်နိုင်ငံတွင် နိုင်ငံတကာလူသားချင်းစာနာထောက်ထား မှုအက်ဥပဒေ( Philippines International Humanitarian Act Law) အရ အရေးယူရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပေါင်းအပါကိုးဦးကို အမှုဖွင့်ခဲ့သေးသည်။

စာတည်း။ ။စောဖေ