မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့ ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်

လွှမ်းမိုး

(မဇ္စျိမ)။ ။မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ် ၊ ဆင်ချောင်းရွာအနီးတွင် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို ဧပြီလ ၆ ရက် နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းက ထုတ်ပြန်သည်။

“ဒရုန်း နှစ်စီးနဲ့ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူ့တည်နေရာတွေကို ကျရောက်ပေါက်ခွဲခဲ့ပြီး သေဆုံးထိခိုက်မှုကိုတော့ အတည်မပြုနိုင်သေးပါ” ဟု မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ဆင်ချောင်းကျေးရွာရှိ နေအိမ် သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းထံမှ သိရသည်။

ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း နှင့် မြင်းခြံခရိုင် အမှတ်(၂) တပ်ရင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ များဘက်မှ ထိခိုက်မှုမရှိကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းထံမှ သိရသည်။

ဧပြီလ ၁ ရက်နေ့တွင်လည်း မြင်းခြံတက္ကသိုလ် အနီးရှိ သဲဖြူဝ ကျေးရွာတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ပျူစောထီးခေါင်းဆောင်ဆိုသူ တဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းထံမှ သိရသည်။

စာတည်း ။ ။ဖူးသိမ်ကျ