ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင် ၅၀၀,၀၀၀ ကျော်ရှိလာဟု AA ပြော

မြတန်ဆောင်းစစ်ရှောင်စခန်းမှ ရခိုင်စစ်ဘေးရှောင်များ (ဓါတ်ပုံ- ပုံဟောင်း)

YT

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများအတွင်း စစ်ဘေးရှောင်နေရသည့် ပြည်သူ ၅၀၀,၀၀၀ ကျော်အထိ ရှိလာကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/ AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

ယနေ့ (ဇွန်လ ၈ ရက်)တွင် ပြုလုပ်သည့် နဝမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တဦး​၏ အမေးကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်များအတွက် ဆေးဝါး၊ အမိုးအကာများ၊ အခြေခံစားသောက်ကုန်များ အဓိက လိုအပ်နေကြောင်း ပြောသည်။

” အခုအခါ နိုင်ငံတကာ အဖွဲ့အစည်းတွေဘက်က အကူအညီလာပေးဖို့ ဆိုတာကလည်း စစ်ကောင်စီက လုံးဝ ပိတ်ဆို့ထားတဲ့အတွက်ကြောင့် လူသားချင်းစာနာမှု အထောက်အကူပစ္စည်းတွေ ဝင်ရောက်လို့မရဖြစ်နေတယ်” ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီ​၏ ပိတ်ဆို့မှုများကြောင့် စစ်ဘေးရှောင်များအတွက် လိုအပ်နေသည့် လူသားချင်းစာနာမှု အထောက်အကူများ မရဖြစ်နေသော်လည်း နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးရန်နှင့် ဖြစ်နိုင်သမျှ နည်းလမ်းများကို အသုံးပြု၍ စစ်ဘေးရှောင်များကို အကူအညီပေးရန် ဦးခိုင်သုခက တိုက်တွန်းပြောကြားသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/ AA) အနေဖြင့်လည်း ရှိသည့် အရင်းအမြစ်များကို အသုံးပြု၍ စစ်ဘေးရှောင်များအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံရေးနှင့် စစ်ဘေးရှောင်များ အငတ်ဘေး မဆိုက်ရေး စီစဉ်ဆောင်ရွက်မှုများရှိကြောင်း ဦးခိုင်သုခက ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း စတင်ခဲ့သည့် ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်​၏ လေကြောင်း၊ လက်နက်ကြီး၊ သေနတ် ပစ်ခတ်မှုများကြောင့် မေလအထိ ခြောက်လတာအတွင်း အရပ်သား ၂၆၈ ဦး သေဆုံးပြီး ၆၄၀ ဦး ဒဏ်ရာရခဲ့ကာ စစ်ဘေးရှောင် ၅၇၂,၃၀၀ အထိ ရှိကြောင်း အာရက္ခတပ်တော် (AA)​၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ပေးရေးရုံး (HDCO) က မေလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)