ခြံအမှတ် (၅၄) ​လေလံကြမ်းခင်း​​ဈေး ကျပ် ၂၈၅ ဘီလီယံ ပြင်​ပေးရန် ဦး​အောင်ဆန်းဦး​ လျှောက်ထား

ယခုနှစ် မတ်လ ၂၀ ရက်နေ့တွင် တွေ့ရသည့် ခြံအမှတ် (၅၄) မြင်ကွင်း (Photo- AFP)

001

(မဇ္ဈိမ) ။ ။ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) ၏ လေလံကြမ်းခင်းဈေးကို ကျပ် ၃၁၅ ဘီလီယံမှ ကျပ် ၂၈၅ ဘီလီယံ လျှော့ချ ပြင်ဆင်ပေးရန် ဦးအောင်ဆန်းဦးဘက်က ယနေ့ (မေလ ၂၃ ရက်နေ့) တွင် ရန်ကုန်၊ ကမာရွတ်ခရိုင်တရားရုံး၌ တင်ပြသွားကြောင်း တရားရုံးနှင့် နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

“ကြမ်းခင်းဈေး လျှော့ဖို့က ကျပ်သိန်းပေါင်း နှစ်သန်းရှစ်သိန်းငါးသောင်းကို ကြမ်းခင်းဈေး ပြင်ပေးဖို့ လျှောက်သွားတယ်” ဟု တရားရုံးနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ဘက်က မေလ ၃၁ ရက်နေ့ ရုံးချိန်းတွင် စာပြန်တင်ရမည်ဖြစ်ပြီး ကန့်ကွက်စာ တင်၊ မတင်ကိုမူ မသိရသေးကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။

နှစ်ဧကနီးပါး ကျယ်ဝန်းသည့် ခြံအမှတ် (၅၄) ကို ကြမ်းခင်းဈေး ငွေကျပ် ၃၁၅ ဘီလီယံဖြင့် ယခုနှစ် မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ခြံရှေ့တွင် ပထမအကြိမ် လေလံတင်ရောင်းချခဲ့သော်လည်း လေလံဆွဲမည့်သူမရှိဘဲ လေလံပွဲ အဆုံးသတ်ခဲ့ရသည်။

ထို့ကြောင့် ဦးအောင်ဆန်းဦးဘက်က လေလံကြမ်းခင်းဈေးလျှော့ချပြီး ဒုတိယအကြိမ် ပြန်လည်တင်ပြလာခြင်း ဖြစ်သည်။

ထို့ပြင် လေလံဆွဲမည့်သူများက ခြံထဲဝင်ကြည့်ရန် ခွင့်တောင်းပါက ခွင့်ပြုပေးရန်လည်း ဦးအောင်ဆန်းဦးဘက်က ယနေ့ ရုံးချိန်းတွင် တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ခြံအမှတ် (၅၄) အမွေဆိုင်အမှုသည် ၂၀၀၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက နှစ်ထပ်အိမ်နှင့် မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်းကောင်း၊ တထပ်တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးကလည်းကောင်း ခွဲဝေယူရန် အမိန့်ချမှတ်ခဲ့သည်။

သို့သော် ထိုအမိန့်အပေါ် ဦးအောင်ဆန်းဦးက မကျေနပ်သည့်အတွက် ခြံဝန်းတခုလုံးကို လေလံပစ်ပြီး ရရှိသည့်တန်ဖိုးကို တယောက်တဝက်ခွဲဝေယူရန် ဒေါ်ခင်ကြည်မသေဆုံးခင်က ၎င်း၏ တူဖြစ်သူ ဦးခင်မောင်အေးကို အမွေပေးခဲ့သည့် အိမ်တလုံးနှင့် မြေကိုပါထည့်သွင်းခွဲဝေရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံအဆင့်ဆင့်ဆက်တက်ခဲ့ရာ ပယ်ချခံခဲ့ရသည်။

ထို့နောက် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဩဂုတ်လထဲတွင်မူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦး၏ လျှောက်ထားချက် အတိုင်း ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်အင်းလျားကန်စောင်းရှိ ခြံအမှတ် (၅၄) နေအိမ်ကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် NUG က သတ်မှတ်ထားပြီး ပိုင်ဆိုင်ရန်၊ ရောင်းချရန် ကြိုးစားသည့် မည်သူ့ကိုမဆို ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းလည်း ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ကြေညာခဲ့သည်။

စာတည်း။ ။ နောင်နောင်