ပင်လောင်းမြို့နယ် နန်းတုတ်ရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

ဓာတ်ပုံ − PNLA News & Information Department

ရွှေနွယ်
မဇ္ဈိမ။ ။ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းရှိ နန်းတုတ်ကျေးရွာကို စစ်ကောင်စီတပ်မှ ယမန်နေ့ မတ်လ ၂၂ ရက်၊ ည ၁၂ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်သွားသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( PNLA )မှ ယနေ့ထုတ်ပြန်သည်။
နန်းတုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကောင်စီမှ အကြောင်းမဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး နေအိမ် ငါးလုံးနှင့် ဆေးခန်း တခု ထိခိုက်ပျက်စီးခဲ့သည်ဟု PNLA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပအိုဝ်းလူငယ်အစည်းအရုံး( PYO )၏ မတ်လ ၁၉ ရက်နေ့ထုတ်ပြန်ချက်တွင် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအုပ်စု နန့်ဖာမူ၊ နောင်ဝိုး၊ ဗန်းမောက်တကြောတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဖော်ပြထားသည်။ စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားနေအိမ်များထိခိုက်ပျက်စီးခဲ့ပြီး ကျေးရွာ ၁၇ ရွာမှ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဖော်ပြသည်။

“၁၀ ရက်နေ့က ဖြစ်တာက နန်းတုတ်ကျေးရွာအုပ်စုအတွင်းက နန့်မာဖူမှာဖြစ်တာဟုတ်တယ်။ ဒါပေမယ့် ဒီနေ့အချိန်အထိ နန်းတုတ်ကျေးရွာအတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပါဘူး။ နန်းတုတ်နဲ့ နန့်မာဖူကတော့ နှစ်မိုင်လောက်ဝေးပါတယ်။ မနေ့ကည ၁၂ နာရီလောက်မှာတော့ လေယာဉ်နဲ့ ဗုံးနှစ်ကြိမ်ကြဲသွားပါတယ်” ဟု ပအိုဝ်းလူငယ်အစည်းအရုံး( PYO )နန်းက မဇ္ဈိမကိုပြောသည်။

လေကြောင်းတိုက်ခိုက်ခံရသည့် နန်းတုတ်ကျေးရွာတွင် အရပ်သားပြည်သူအချို့ စစ်ဘေးတိမ်းရှောင်ကြသူများ ရှိသော်လည်း ကျေးရွာအတွင်းပြည်သူများ နေထိုင်ကျန်ရှိနေဆဲဖြစ်ကြောင်း PYOနန်း၏ ပြောပြချက်အရ သိရသည်။ ထို့ပြင် ၂၀၂၂ ခုနှစ် ကရင်နီတိုက်ပွဲများကြောင့် စစ်ရှောင်များသည် နန်းတုတ်ကျေးရွာသို့ လာရောက်ရှောင်တိမ်းနေကြသူများလည်း ရှိသည်ဟု သိရသည်။

“ဆီဆိုင်ဘက်ကတိုက်ပွဲတွေမှာတော့ စစ်ကောင်စီ၊ PNA ကတဖက် PNLA ကတဖက်ပါ။ ပင်လောင်းဘက်မှာတော့ စစ်ကောင်စီ၊ PNA ကတဖက် KNDF နဲ့ ရှမ်းတောင်တပ်ဖွဲ့တွေက တဖက်ပါ” ဟုလည်း ပအိုဝ်းလူငယ်အစည်းအရုံး( PYO )နန်းကပြောသည်။

ပင်လောင်းမြို့နယ်သည် စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော် တပ်ကုန်းမြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မြို့နယ်ဖြစ်သည်။ ပင်လောင်းမြို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းပါရှိပြီး အုပ်ချုပ်ရေးရုံးစိုက်ရာမြို့လည်းဖြစ်သည်။ လက်ရှိတွင် ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ ခန့်မှ လူဦးရေ ၂၀,၀၀၀ ခန့်သည် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း PYO ၏ အချက်အလက်များအရသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( PNLA )နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် PNLA မှ သိမ်းယူထားသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီမှ ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်လျက်ရှိကြောင်းလည်း PNLA နှင့် PYO တို့၏ ထုတ်ပြန်ချက်များအရသိရသည်။
စစ်ကောင်စီသည် ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး မတ်လ ၂၀ ရက်နေ့ ည ၁၀ နာရီမှ ၁၂ နာရီအတွင်း မြို့ကို အကြောင်းမဲ့ Y12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၁၀၀ ခန့် ကြဲချတိုက်ခိုက်ခဲ့သည်ဟု PNLA က ယမန်နေ့တွင်ထုတ်ပြန်ထားခဲ့သည်။

စာတည်း – သန့်ဇော်(သန်လျင်)