NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဩစတေးလျရောက်မြန်မာများ ဘရစ္စဘိန်းမြို့မှာ တွေ့ဆုံ

(မဇ္ဈိမ)။ ။အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဩစတေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့မှာရှိတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားတွေနဲ့ လူထုတွေ့ဆုံဆွေးနွေးပွဲတခုကို ဇွန်လ ၈ ရက် နေ့က Grace House ခမ်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေး အခြေအနေတွေ၊ အိမ်နီးခြင်းနိုင်ငံတွေရဲ့တုံ့ပြန်မှုအခြေအနေတွေနဲ့ NUG ရဲ့လုပ်ဆောင်ချက်တွေကို လူထု နဲ့ပြောပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

NUG အနေနဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်နေသူ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးဖို့မရှိကြောင်းနဲ့ စစ်ကောင်စီအဖွဲ့အတွင်း ပါဝင်နေသူတွေအနေနဲ့လည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကိုလိုက်နာကာ မြန်မာ့နိုင်ငံရေးမှ စစ်တပ်ကို ဖယ်ရှားနိုင်မယ့် အခြေ အနေရောက်မှသာ ဆွေးနွေးစကားပြောဆိုမယ်လို့ ဝန်ကြီးက ပြောဆိုသွားပါတယ်။

နွေဉီးတော်လှန်ရေးအတွက် ရေရှည်အတွက် အဖက်ဖက်က ကြံ့ကြံ့ခံ ထောက်ခံအားနေတဲ့ကြတဲ့ ပြည်ပ ရောက်မြန်မာပြည်ဖွား တိုင်းရင်းသားတွေအပေါ် ဝန်ကြီးဒေါ်ဇင်မာအောင်က ကျေးဇူးတင်စကားပြောခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို မလွှဲမရှောင်သာလုပ်နေကြရပေမယ့် တချိန် နိုင်ငံရေးအနားသတ်တဲ့ လုပ်ဆောင်ချက်တွေဖြစ်ပေါ်လာဖို့ လိုအပ်တယ်လို့ ထည့်သွင်းပြောကြားသွားကြောင်း သိရပါတယ်။