ရီးယဲလ်မက်ဒရစ်တို့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်မည်မဟုတ်ကြောင်း အန်ဆယ်လော့တီ ပြော

မကြာသေးခင်က သရဖူဆောင်ထားတဲ့ ဥရောပချန်ပီယံများဟာ လာမယ့်နှစ်မှာ အသင်းအရေအတွက်တိုးချဲ့မယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက တနင်္လာနေ့မှာ အီတလီသတင်းစာနဲ့ အင်တာဗျူးတခုမှာ ပြောပါတယ်။

“ကစားသမားတွေနဲ့ ကလပ်တွေက အဲဒီပြိုင်ပွဲမှာ ပါဝင်မှာ မဟုတ်ပါဘူး”လို့ အန်ဆယ်လော့တီက အီတလီသတင်းစာ Il Giornale ကို ပြောကြားခဲ့တာပါ။

“ရီးယဲလ်မက်ဒရစ်ရဲ့ တပွဲတည်းကတောင် ယူရိုသန်း ၂၀ တန်တယ်လေ။ ဖီဖာက ဖလားပြိုင်ပွဲတခုလုံး ကစားမှ ဒီပမာဏကို ကျနော်တို့တွေကို ပေးချင်နေကြတယ်။ ဒီတော့ ကစားဖို့ မရှိပါဘူး၊ ကျနော်တို့လိုပဲ တခြားအသင်းတွေက ဖိတ်ခေါ်မှုကို ငြင်းပယ်မှာပါ”လို့ အီတလီသားနည်းပြကြီးက ပြောပါတယ်။

အသင်း ၃၂ သင်းအထိ ပါဝင်မယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့်နွေရာသီမှာ ကျင်းပဖို့ အဆိုပြုထားပါတယ်။ ဒါဟာ ကစားသမားတွေအတွက် ပွဲစဉ်ကျပ်နေပြီးဖြစ်တဲ့ ဘောလုံပြက္ခဒိန်ကို ထပ်ပြီးဖြည့်ထည့်နေတာဖြစ်ပါတယ်။

ကစားသမားတွေဟာ သပိတ်မှောက်လာနိုင်ကြောင်း အင်္ဂလန် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်းက ဖီဖာကို သတိပေးလိုက်ပါတယ်။

(AFP)