စစ်အင်အားပြုန်းတီးမှုကို နည်းမျိုးစုံနဲ့ ထိန်းဖို့ကြိုးစားနေတဲ့ စစ်ကောင်စီ(ဒိုင်းနက်ရှင်)

စစ်အင်အားပြုန်းတီးလာတာကိုကာမိဖို့အတွက် စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေတွေကိုထုတ်ပြန်ထားခဲ့တဲ့ စစ်ကောင်စီဟာ အခုနောက်ဆုံး တန်းပြည့်စစ်မှုထမ်းချိန်ဆိုပြီး ကြေညာခဲ့ပါတယ်။ တန်းပြည့်စစ်မှုထမ်းချိန်ဆိုတာ ရန်သူနဲ့ တိုက်ပွဲဆင်နွဲနေတဲ့ တပ်ဖွဲ့တဖွဲ့မှာ တွဲဖက်ထားတဲ့အချိန် ဒါမှမဟုတ် ပါဝင်တဲ့အချိန်၊ ရန်သူက လုံးဝသော် လည်းကောင်း၊ တစိတ်တဒေသသော်လည်းကောင်း သိမ်းပိုက်ထားတဲ့ တိုင်းပြည် တပြည်မှာဖြစ်စေ၊ နေရာတခုမှာ ဖြစ်စေ စစ်ချီတက်ရာမှာပါဝင်တဲ့အချိန်ဆိုပြီး သတ်မှတ်ထားတာဖြစ်ပါတယ်။

အဓိကတော့ မတည်မငြိမ်ဖြစ်နေတဲ့ တပ်တွင်းအခြေအနေတွေကိုထိန်းသိမ်းနိုင်ဖို့အတွက် တန်းပြည့် စစ်မှု ထမ်းချိန်ကို သတ်မှတ်လိုက်တာဖြစ်ပါတယ်။ စစ်ဆင်ရေး ၁၀၂၇ ကာလအတွင်းနဲ့ နောက်ပိုင်းတိုက်ပွဲတွေမှာ သေဆုံး၊ ဒဏ်ရာရ တပ်သားတွေ တောင်လို ပုံလာ သလို တပ်ပြေး၊ တပ်ထွက်တွေလည်း စစ်ကောင်စီတပ်တွင်းမှာ ထောင်နဲ့ချီပြီး များပြားလာခဲ့တာဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ တော်လှန်ရေးအင်အားစုတွေဟာ စခန်းသိမ်း တိုက်ပွဲတွေအဆင့်ကနေ စစ်ကောင်စီရဲ့ တပ်ဌာနချုပ်တွေ အပြင် မြို့သိမ်း၊ နယ်သိမ်းအဆင့်အထိလုပ်ဆောင်နိုင်ခဲ့ တာဖြစ်ပါတယ်။

တချိန်တည်းမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)ရဲ့ ထိုးစစ်နဲ့ အာရက္ခတပ်တော်(AA)ရဲ့ ရခိုင်ပြည်နယ် အတွင်းက ထိုးစစ်တွေဟာ တော်လှန်ရေး အရှိန်ကိုပိုမိုမြှင့်မားလာစေခဲ့ပြီး စစ်ကောင်စီကို တဖြည်း ဖြည်း တိုက်စစ် ကနေ ခုခံစစ်၊ ခုခံစစ်ကနေ ခွာစစ်နဲ့အတူ ပြေးစစ်ဆင်ရတဲ့အထိဖြစ်သွားစေခဲ့တာတွေ့ရပါတယ်။ ဒီအခြေအနေတွေထိန်းနိုင်ဖို့အတွက် စစ်သည်အင်အား လိုအပ်ချက်နဲ့အတူ ပြည်သူတွေကို စစ်ကြောင့်ဆိုတဲ့အပူ သောကတွေ အတွေးဝင်စေဖို့ စစ်ကောင်စီဟာ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော် ဝါရီ ၁၀ ရက်ကစပြီး အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။

စစ်မှုထမ်း အပတ်စဉ်(၁)ကို သင်္ကြန်မတိုင်ခင် ဧပြီ ၈ ရက်ကစပြီး ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အပတ်စဉ်(၁)အတွက် သတ်မှတ်ဦးရေအတိုင်း အမျိုးသား ၅,၀၀၀ ကိုရခဲ့ပြီး အများစုက ဆန္ဒအလျောက်လာရောက်အဆိုပြုသူတွေဆိုပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုခဲ့ပါတယ်။ ဒါပေမဲ့ စစ်မှုထမ်းဥပဒေအသက်ဝင်ခဲ့ပြီးနောက်ပိုင်း သတ်မှတ်ချက်နဲ့ အကျုံးဝင်သူတွေကို စစ်ကောင်စီအဖွဲ့တွေနဲ့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေ အပြင် ပျူစောထီးတွေကပါ အတင်းအဓမ္မလိုက်လံဖမ်းဆီးပြီး စစ်ထဲသွင်းနေခဲ့တဲ့သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ကနဦးမှာ စစ်ကောင်စီက လူသစ်စုဆောင်းရာမှာ နယ်ဘက်တွေကိုပစ်မှတ်ထားခဲ့ပေမယ့် အပတ်စဉ် (၂)မှာ အမျိုးသား ဦးရေ ၄,၀၀၀ သာရခဲ့ပြီး သတ်မှတ်ဦးရေမပြည့်သာကြောင့် အပတ်စဉ် (၃)အတွက် လူသစ်စု ဆောင်းရာမှာ မြို့ပေါ်ရပ်ကွက်တွေအပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းသားသမီးတွေအထိ ပစ်မှတ်ထားလာခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့မေလအတွင်းမှာ ရန်ကုန်တိုင်းအတွင်းက အဓိကမြို့ပေါ်ရပ်ကွက် တွေဖြစ်တဲ့ လမ်းမတော်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ ပုဇွန်တောင်တို့လိုမြို့နယ်တွေအထိ ရောက်လာခဲ့ပြီး တပ်သားသစ်ရဖို့ စုဆောင်းလာခဲ့တာဖြစ်ပါတယ်။ လူမျိုးခြားအများစုနေထိုင်တဲ့ လမ်းမတော်၊ ကျောက်တံတား၊ ပန်းဘဲတန်းတို့မှာဆိုရင် စစ်မှုထမ်းဥပဒေကိုအကြောင်းပြုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ လမ်းလူကြီးတွေအဖြစ်သတ်မှတ်ထားတဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေလည်း အတော်လေး ဝင်ငွေဖြောင့်လာတာကိုတွေ့ရပါတယ်။ လူမျိုးခြားတွေအများစုနေထိုင်တဲ့ရပ်ကွက်တွေမှာဆိုရင် စစ်မှုထမ်းစာရင်းမှာပါလို့ ရှောင်ချင်ရင် သိန်းရာဂဏန်းအထိတောင်းဆိုသံတွေလည်း ကြားခဲ့ရတာဖြစ်ပါတယ်။

ဗိုလ်တထောင်၊ ပုဇွန်တောင်မြို့နယ်တွေက ရပ်ကွက်တွေမှာဆိုရင်လည်း လမ်းလူကြီးလုပ်သူတွေက အုပ်ကြီး တွေကို စာရင်းပေးပြီး အုပ်ကြီးကတဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးဆီ စာရင်းပို့ရာမှာ အဆင့်ဆင့်လာဘ်ပေး လာဘ် ယူတွေလုပ်နေခဲ့တာဖြစ်ပါတယ်။ အဆိုးဆုံးကတော့ လမ်းလူကြီးနာမည်ခံထားတဲ့ ရာအိမ်မှူး၊ ဆယ်အိမ်တွေနဲ့ အုပ်ကြီးလို့ခေါ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပေါင်းပြီး စစ်မှုထမ်းမလိုက်ချင်သူတွေဆီကနေ အတင်း အဓမ္မ ငွေကြေးတောင်းခံနေတာပဲဖြစ်ပါတယ်။ ဒီလိုအခငွေကြေးရယူကာ မြို့နယ်၊ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ် မှူးတွေနဲ့ ဆယ်အိမ်တွေဟာ စစ်မှုထမ်းဥပဒေကိုအသုံးချပြီး ကိုယ်ကျိုးစီးပွားရှာလာတဲ့လုပ်ရပ်တွေကြောင့် မြို့ပေါ် ရပ်ကွက်တွေမှာတောင် လူငယ်ဦးရေဟာ တဖြည်းဖြည်းလျော့နည်းလာနေပြီဖြစ်ပါတယ်။

အခုဆိုရင် လူသစ်စုဆောင်းဖို့ခက်ခဲလာတဲ့ စစ်ကောင်စီဟာ အပတ်စဉ်(၃)အတွက် စစ်သားစုဆောင်းမှုအဖြစ် ဧရာဝတီနဲ့ ပဲခူးတိုင်း ဒေသတချို့မှာ အမျိုးသမီးတွေကို အတင်းအကျပ် စစ်သားစုဆောင်းမှု စတင်နေတယ်လို့ သတင်းတွေထွက်နေခဲ့ပါတယ်။ ရပ်ကွက်နဲ့ ကျေးရွာတချို့က အုပ်ချုပ်ရေးမှူးတွေဟာ နာမည်စာရင်းက အမျိုး သမီးတချို့ကို မဲစနစ်နဲ့ ရွေးချယ်နေတဲ့အကြောင်း ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်က ဒေသခံတွေက ဆိုပါတယ်။

ရွေးချယ်ခံရသူတွေအနေနဲ့ စစ်မှုမထမ်းလိုပါက အုပ်ချုပ်ရေးမှူးတွေကို လာဘ်ထိုးတာ ဒါမှမဟုတ် အစားထိုးမယ့် သူ ရှာပေးရတယ်လို့လည်း သိရပါတယ်။ ပဲခူးတိုင်းအနောက်ပိုင်း အုတ်ဖိုမြို့နယ်မှာဆိုရင် အမျိုးသမီးခုနစ်ယောက် ကို အတင်းအကျပ် စစ်သားစုဆောင်းဖို့ မေလ ၁၃ ရက်ကဖမ်းဆီးသွားခဲ့ပြီးနောက် အဲဒီထဲက တစ်ယောက်ကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့သူတွေကို စစ်သင်တန်းတက်ဖို့ တောင်ငူကိုပို့လိုက်တဲ့ သတင်းတွေလည်းထွက်နေခဲ့တာ ပါ။ ဒုတိယအသုတ် အတင်းအကျပ် စစ်သားစုဆောင်းခံရသူတွေအတွက် သင်တန်းတွေကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းနဲ့ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေက ဒေသဆိုင်ရာ စစ်ဌာနချုပ် တွေမှာ မေလ ၁၄ ရက်ကစပြီးသင်တန်းပေးနေခဲ့တာဖြစ်ပါတယ်။

အတင်းအကျပ် စစ်သားစုဆောင်းတဲ့ ဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း အမျိုးသမီးတွေဟာ စစ်တပ်မှာ အနည်းဆုံး နှစ်နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး အရေးပေါ်အခြေအနေအရ စစ်မှုထမ်းကာလကို ငါးနှစ်အထိ တိုးချဲ့နိုင်တာဖြစ်ပါတယ်။ အသက်မွေးဝမ်းကြောင်း ပညာ ဒါမှမဟုတ် နည်းပညာ အရည်အချင်းတွေ ရှိတဲ့ အမျိုးသားတွေအတွက် အကြီးဆုံး အသက်ကန့် သက်ချက်မှာ ၄၅ နှစ်ဖြစ်ပြီး အမျိုးသမီးတွေအတွက် အကြီး ဆုံး အသက်ကန့်သတ်ချက်မှာ ၃၅ နှစ် ဖြစ်ပါတယ်။ အိမ်ထောင်မရှိတဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း အမျိုးသမီးတွေကို ပဉ္စမအသုတ်မှာ စတင်ခေါ်ယူသွား မယ်လို့ လည်း စစ်ကောင်စီက ပြောခဲ့ဖူးပါတယ်။

တစ်ဖက်မှာ တပ်တွင်းမတည်ငြိမ်မှုတွေနဲ့ တပ်အင်အားကိုထိန်းနိုင်ဖို့အတွက် ဥပဒေနဲ့ ကြေညာချက်တွေကို စစ်ကောင်စီက အမျိုးမျိုးထုတ်နေခဲ့တာဖြစ်ပါတယ်။ စစ်မှုထမ်းဥပဒေအသက်ဝင်ပြီး မကြာခင်မှာပဲ အရန်တပ်ဖွဲ့ ဥပဒေကိုထပ်မံအသက်သွင်းပြီး စစ်မှုထမ်းဟောင်းတွေကိုပါ ပြန်ခေါ်နေခဲ့တာဖြစ်ပါတယ်။ တရားဝင် အငြိမ်းစား နုတ်ထွက်ခွင့်ရထားသူတွေမှာ အရန်တပ်ဖွဲ့ဥပဒေနဲ့ ပြန်လည်ခေါ်ယူခံနေတာကြောင့် လွတ်အောင် ဘယ်လိုပြေးရ မလဲသာ တွေးနေကြရတဲ့ဘဝ ရောက်သွားခဲ့ပါတယ်။

တခြားအဆင့် စစ်သည်အများစုမှာလည်း လစာ မလောက်မင နဲ့ နောက်တန်းမှာ ကျန်ခဲ့တဲ့မိသားစုတွေကို ငဲ့ကွက်ပြီး ကြိတ်မှိတ်လုပ်နေရပေမယ့် ယုံကြည်မှုတွေက အလွန် အမင်းကျဆင်းလာနေတာဖြစ်ပါတယ်။ ဒီလိုတပ်တွင်းအခြေအနေကို ထိန်းနိုင်ဖို့အတွက် အခုနောက်ဆုံးတန်းပြည့် စစ်မှုထမ်းချိန်ဆိုပြီး စစ်ကောင်စီက ထပ်မံကြေညာလာခဲ့တာဖြစ်ပါတယ်။ တန်းပြည့်စစ်မှုထမ်းချိန်ဆိုတာ ရန်သူနဲ့ တိုက်ပွဲဆင်နွဲနေတဲ့ တပ်ဖွဲ့တဖွဲ့မှာ တွဲဖက်ထားတဲ့အချိန် ဒါမှမဟုတ် ပါဝင်တဲ့အချိန်၊ ရန်သူက လုံးဝသော်လည်း ကောင်း၊ တစိတ်တဒေသ သော်လည်းကောင်း သိမ်းပိုက်ထားတဲ့ တိုင်းပြည် တပြည်မှာဖြစ်စေ၊ နေရာတခုမှာဖြစ်စေ စစ်ချီတက်ရာမှာ ပါဝင်တဲ့အချိန်ဆိုပြီး သတ်မှတ်ထားတာပါ။

တပ်အားလုံးအား တန်းပြည့်စစ်မှုထမ်းချိန် သတ်မှတ် လိုက်တဲ့အတွက် ခွင့်မဲ့ပျက်ကွက်ဖြစ်တဲ့ ဘယ်စစ်သားမဆို ထောင်ဒဏ် နှစ် ၂၀ ဒါမှမဟုတ် သေဒဏ်အထိ ချမှတ် နိုင်တော့မှာလည်းဖြစ်ပါတယ်။ သာမန်အချိန်မှာ တပ်ကထွက်ပြေးတဲ့ အရာရှိ စစ်သည်တွေကို တပ်မတော်အက် ဥပဒေပုဒ်မ(၃၈)အရ ထောင်ဒဏ် သုံးနှစ်ခန့်သာ ပြစ်ဒဏ်ချမှတ်နိုင်ပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာပြီးနောက် ဒီပုဒ်မအပေါ် အမိန့်ချမှတ်ရာမှာ အရာရှိဖြစ်သူတွေကို ထောင် ငါးနှစ်အထိချမှတ်ခဲ့ဖူးတာလည်းဖြစ်ပါတယ်။ အခုလို တနိုင်ငံလုံးက တပ်တွေကို တန်းပြည့်စစ်မှုထမ်းချိန်ကြေညာခဲ့ တာကြောင့် သာမန်ခွင့်မဲ့ပျက်ကွက် ပြစ်မှုကျူးလွန်သူအနေနဲ့ ထောင် သုံးနှစ်သာ ကျရမယ့်အခြေအနေကနေ အခု တော့ ထောင်အနှစ် ၂၀ ဒါမှမဟုတ် သေဒဏ်အထိထိုက်အောင် စစ်ခေါင်းဆောင်က အကြောက်တရားသွင်းလိုက် တာနဲ့အတူတူပဲဖြစ်ပါတယ်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့ထက် ပိုပြီးယုတ်မာကောက်ကျစ်တဲ့ အာဏာ သိမ်းစစ်ခေါင်ဆောင် မင်းအောင်လှိုင်ကတော့ စစ်ရှုံးနယ်မြေတွေကျယ်ပြန့်လာတာနဲ့အမျှ ပြည်သူလူထုအပေါ်မှာ သာမက သူ့ကိုအကာအကွယ် ပေးနေခဲ့တဲ့ တပ်သားတွေအပေါ်မှာပါ အကြောက်တရားနဲ့ ထိန်းချုပ်ပြီး သူ့ အာဏာ တည်မြဲရေးအတွက် ကြိုးစားနေခဲ့ပြီဖြစ်ပါတယ်။