နမခအနီးမှ စစ်ကောင်စီကာကင်းစခန်းကို တိုက်ခိုက်မှု ၂၀ ဦးသေဆုံးပြီး ၅ ဦး ဖမ်းဆီးရမိ ဟုဆို

ပုံအညွှန်း - တိုက်ပွဲအတွင်း အရှင်ဖမ်းဆီရမိသည့် စစ်သုံ့ပန်း များနင့် သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများကိုတွေ့ရစဉ် \ ဓါတ်ပုံ - စစ်ကိုင်းတိုင်းပြည်သူကာကွယ်ရေးအဖွဲ့ ပကဖ

ပုံအညွှန်း – တိုက်ပွဲအတွင်း အရှင်ဖမ်းဆီရမိသည့် စစ်သုံ့ပန်း များနင့် သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများကိုတွေ့ရစဉ် \ ဓါတ်ပုံ – စစ်ကိုင်းတိုင်းပြည်သူကာကွယ်ရေးအဖွဲ့ ပကဖ

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးမှ ထီးတော် တင်ကျေးရွာရှိ စစ်ကောင်စီရှေ့တန်းကာကင်းစခန်းတခုကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ၂၀ ဦးသေဆုံးပြီး ငါးဦးဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့(ဇွန်လ ၁၂ ရက်)တွင် ထုတ်ပြန်သည်။

ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီတွင် စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့်အကြာ တွင် စခန်းတခုလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း တိုက်ပွဲအားဦးဆောင်တိုက်ခိုက်ခဲ့သည့် Union Liberation Front (ULF)အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ပြောသည်။

“ဒီတိုက်ပွဲက လက်နက်ကိုင်တော်လှန်ရေးဟာ အဆင့်တခုထိရောက်နေပြီဆိုတာ ပြတာပဲ။ စစ်ကိုင်းတိုင်း ရဲ့အချက်အချာ စစ်ဌာနချုပ်နဲ့အနီးဆုံးမှာရှိတဲ့စခန်းကိုတောင် တိုက်ခိုက်နိုင်ပြီဆိုတာ ပြလိုက်တာပါပဲ” ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့မှသေဆုံးသူများကို မျက်မြင်အရ အတည်ပြုခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်း အဖြစ် ငါးဦးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး အနည်း ငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ULF အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

“ ဖမ်းဆီးထားသူတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး သက်ဆိုင်ရာ အမှတ်(၁)စစ်ဒေသကို လွှဲပြောင်းပေးအပ်သွားမှာပါ” ဟု ကိုဂျော်ဒန်က ဆက်ပြောသည်။

တိုက်ခိုက်မှုတွင် လက်နက်ငယ် ကိုးလက်၊ စိန်ပြောင်း တလက်နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း စစ်ကိုင်းတိုင်းပကဖ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထီးတော်တင်ရွာတပ်စခန်းတွင် အင်အား ၄၀ ခန့်ရှိပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ထွက် ပြေးသွားပြီး ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စခန်းကို အလုံးစုံသိမ်းဆည်းနိုင်ခဲ့ကြောင်း ကိုဂျော်ဒန်က ဆိုသည်။

ယခုတိုက်ပွဲကို ULF စစ်ကြောင်းမှဦးစီးပြီး ယင်းမာပင်မြို့နယ် တိုက်နယ်(၁၊ ၉၊ ၁၀) ပကဖများမှ ချိုမိုင်မိုင်၊ နဂါးညီနောင်အထူးတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး၊ B2 Fighter ၊ CTLPDF ၊ ထန်းတပင်၊ K2 ၊ ဒေါင်းလုလင်၊ သေမင်းတမန်၊ ဗျတ္တညီနောင်၊ ဗိုလ်ထွန်းတောက်၊ ဗိုလ်မုတ်ဆိတ်၊ SAF(ကျောင်းသားလက်ရုံးတပ်တော်)၊ ယင်းမာပင်ခရိုင် ဗျုဟာအမှတ်(၄၅) ၊ KLG PDF ၊ 21(ယင်းမာပင်ခရိုင်တပ်ရင်း ၁၇)၊ PDA (ယင်းမာပင် ခရိုင်တပ်ရင်း ၃၅)၊ AS Generation (မုံရွာခရိုင်တပ်ရင်း ၁၃)၊ ချင်းတွင်း Brother(Local) ၊ ကနီမြို့နယ် တိုက်နယ် (၅) ပကဖ၊ ဘုတလင် Mobile Team ၊ မုံရွာခရိုင်တပ်ရင်း (၁၄) ၊ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ