မြန်မာအမျိုးသမီးတွေ မလုံခြုံတာဟာ NUG နဲ့ PDF ကြောင့်ဆိုတဲ့ သတင်းမှား

ZZ

(မဇ္ဈိမ) ။ ။ အမျိုးသမီးတွေအတွက် လုံခြုံမှု မရှိတဲ့ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံဟာ အာစီယံနိုင်ငံတွေထဲမှာ ပထမအဆင့် ရှိနေတာဟာ တောထဲရောက်နေတဲ့ NUG နဲ့ PDF တွေကြောင့် ဆိုပြီး သတင်းတခု ပျံ့နှံ့နေပါတယ်။

“အောင်စစ်သည်” အမည်နဲ့ သတင်းစောင့်ဖတ်သူ ၃၄,၇၆၀ ရှိတဲ့ တယ်လီဂရမ် ချန်နယ်ကနေ ဇွန်လ ၈ ရက်နေ့မှာ “သို့ ပြည်သူ့အသံ” ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ အာစီယံနိုင်ငံတွေထဲမှာ အမျိုးသမီးတွေအတွက် လုံခြုံမှုမရှိတဲ့ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံဟာ ပထမဆုံးအဆင့်မှာ ရှိနေတာဟာ တောထဲက PDF တွေက အမျိုးသမီးတွေအပေါ် ကျူးလွန်တာကြောင့်လို့ ဖော်ပြထားပါတယ်။ သူ့ဖော်ပြမှုမှာ ပုံတပုံလည်း ပါဝင်ပါတယ်။ ပုံပေါ်မှာတော့ “NUG နဲ့ PDF အကြမ်းဖက်တော့တွင်းသူပုန်များ ရက်စက်မှု” ဆိုတဲ့ စာတန်းပါဝင်ပါတယ်။
ဒီအကြောင်းဟာ တယ်လီဂရမ် ချန်နယ် ရှစ်ခုမှာ ပျံ့နှံ့နေပြီး ကြည့်ရှုသူ ၁၅,၀၀၀ ကျော် ရှိနေပါပြီ။ အလားတူပဲ ဖေ့ဘုတ်မှာလည်း ပျံ့နှံ့နေတာပါ။

အချက်အလက် စစ်ဆေးသူတွေက ဒီအကြောင်းကို စိစစ်ရာမှာ တစိတ်တပိုင်းမှားယွင်းနေတာကို တွေ့ရပါတယ်။
ပုံထဲမှာ ပါဝင်တဲ့ အချက်အလက်တွေအရ ရှာဖွေလိုက်တဲ့အခါမှာ seasia ဆိုတဲ့ ဝက်ဘ်ဆိုဒ်ကနေ တင်ထားတဲ့ပုံဖြစ်နေတာကိုတွေ့ရပါတယ်။ သူ့ရဲ့ ဖော်ပြချက်ထဲမှာတော့ ၂၀၂၃/၂၀၂၄ ခုနှစ်အတွက် အရှေ့တောင်အာရှမှာ အမျိုးသမီးတွေအတွက် လုံခြုံမှုမရှိတဲ့နိုင်ငံမှာ မြန်မာဟာ ထိပ်ဆုံးက ဖြစ်နေတယ်လို့ သာဖော်ပြထားပြီး ဘယ်သူ့ကြောင့်ဆိုတာကို ရေးသားထားတာမရှိပါဘူး။ သတင်းတုမှာ ပါဝင်သလို “NUG နဲ့ PDF အကြမ်းဖက်တော့တွင်းသူပုန်များ ရက်စက်မှု” ဆိုတဲ့ စာသားလည်း မပါဝင်ပါဘူး။ လင့် – https://archive.ph/kWsmY

ထပ်မံပြီး ပုံအောက်ဆုံးမှာ မူလအရင်းအမြစ်အဖြစ် ဖော်ပြထားတဲ့ “Women Peace and Security Index 2023/24” ဆိုတဲ့ စာသားအတိုင်း ရှာဖွေခဲ့ပြီး မူရင်း အစီရင်ခံစာကို ရှာဖွေဖတ်ရှုတဲ့အခါမှာ Georgetown University’s Institute for Women, Peace and Security (GIWPS) နဲ့ The Peace Research Institute Oslo (PRIO) တို့ ပူးပေါင်းထုတ်ပြန်တဲ့ အစီရင်ခံစာ ဖြစ်တာကို တွေ့ရပါတယ်။

အစီရင်ခံစာမှာ ပါဝင်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံအတွက်‌ ဖော်ပြထားတဲ့ အဆင့်သတ်မှတ်ချက်က မှန်ကန်ပါတယ်။
ထပ်ပြီး မြန်မာနိုင်ငံ ရှင်းလင်းချက်တွေ ရှာဖွေဖတ်ရှုတဲ့အခါမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှာ မြန်မာစစ်တပ်က ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာအမျိုးသမီး တွေကို အဓမ္မပြုကျင့်ခဲ့သလို လူမျိုးရေးအရ ခွဲခြားဆက်ဆံခံခဲ့ရတယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ တိုက်ပွဲတွင်း အမျိုးသမီးသေဆုံးမှုနည်းပါးပေမယ့်လည်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေနဲ့ နီးကပ်စွာနေထိုင်တဲ့ အမျိုးသမီးတွေ ပိုများတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီမိုကရေစီအရေးလှုပ်ရှားမှုကိုဦးဆောင်တဲ့ အမျိုးသမီးတွေကို အာဏာရှင်တွေကပစ်မှတ်ထားပြီး နိုင်ငံရေး အကြမ်းဖက်မှု ကျူးလွန်တဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာလဲအပါအဝင်ဖြစ်ပါတယ်။
ဒီမှတ်တမ်းထဲက မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပြောဆိုချက်တွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တောတွင်းအကြမ်းဖက်ရက်စက်မှုတွေအကြောင်း ပြောဆိုထားတာ မရှိပါဘူး။ လင့် – https://archive.ph/ydKmS

ဒါကြောင့် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေလုံခြုံမှုမရှိတဲ့အကြောင်း အဆင့်သတ်မှတ်ချက်ဟာ မှန်ကန်နေပြီး ဒါဟာ NUG နဲ့ PDF ကြောင့် ဖြစ်တယ် ဆိုတာကတော့ မှားယွင်းနေပါတယ်။
ဒီသတင်းဟာ လူ့အခွင့်အရေး ချိုးဖောက်မှု စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ အတွက် NUG နဲ့ PDF အပေါ် အပြစ်ဖို့ထားတဲ့ သတင်းတုပဲ ဖြစ်ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက်စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးစေချင်တဲ့အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။