မန္တလေးမြို့၏ အထင်ကရနေရာများတွင် ပန်းသပိတ်လှုပ်ရှားမှုများ ပြုလုပ်

ပုံအညွှန်း – အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး) – AFCC (MDY)။

စိုင်းခန့်

မဇ္ဈိမ။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်လှုပ်ရှားမှုကို ယနေ့(ဇွန်လ ၁၉ ရက်)တွင် မန္တလေးမြို့၏ အထင်ကရနေရာများ၌ ပြုလုပ်ခဲ့ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး) – AFCC (MDY)က သတင်းထုတ်ပြန်သည်။

မန္တလေးမြို့ရှိ စန္ဒာမုနိဘုရား၊ အိမ်တော်ရာဘုရား၊ မန္တလေးတောင်တော်နှင့် ကျုံးနံဘေးစသည့် အထင်ကရနေရာများတွင် ပန်းသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခြင်းဟု ဆိုသည်။

“ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိနှင်းဆီတွေ”၊ “ဦးအောင်ဆန်းသမီး ကျန်းမာပါစေ” အစရှိသည့် စာသားများရေးသားထားသည့် စာရွက်များနှင့် ပန်းစည်းများကို ကိုင်ဆောင်ကာ လှုပ်ရှားမှုကို ပြုလုပ်ကြခြင်း ဖြစ်သည်။

မန္တလေးမြို့အတွင်း စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားသည့်တိုင် လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း AFCC (MDY) က သတင်းထုတ်ပြန်ထားသည်။

ယနေ့(ဇွန်လ ၁၉ ရက်) နံနက်ပိုင်းတွင်လည်း မန္တလေးမြို့မှ ပြည်သူလေးဦးထက်မနည်းကို စစ်ကောင်စီတပ်က ပန်းသပိတ်တွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးထားကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြသည်။

ယနေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်လှုပ်ရှားမှုကို နိုင်ငံတဝန်း ပါဝင်ဆင်နွှဲနေသည်။

အလားတူ စစ်ကောင်စီတပ်ကလည်း ပန်းသပိတ်တွင် ပါဝင်သူများကို ဖမ်းဆီးခြင်းများ ပြုလုပ်နေပြီး စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်လည်း လူမှုကွန်ရက်စာမျက်နှာတဆင့် ပန်းသပိတ်တွင် ပါဝင်သူများကို ဖမ်းဆီးရန် လှုံ့ဆော်တိုက်တွန်းမှုများ ရှိနေသည်။

ပန်းသပိတ်လူထုလှုပ်ရှားမှုတွင်လည်း စစ်ကောင်စီထိန်းချုပ်နေရာများမှ ပါဝင်မည့် ပြည်သူများအနေဖြင့် “လုံခြုံရေး အသိ သတိ” ဖြင့် လှုပ်ရှားမှုတွင် ပါဝင်ကြရန် နွေဦးတော်လှန်ရေးသပိတ်ခေါင်းဆောင် ကိုတေဇာဆန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် တိုက်တွန်းထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)