မြင်းခြံ PDFများ ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဂုဏ်ပြုပန်းသပိတ်

ဓါတ်ပုံ – ပန်းသပိတ်ဆင်နွှဲနေသည့် ရွှေဂျိုးဖြူ -ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) မှ တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်

မဇ္ဇျိမ။ ။မန္တလေးတိုင်း၊မြင်းခြံမြို့နယ်တွင် ယနေ့ (ဇွန်လ ၁၉ ရက်)ကျရောက်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့အားဂုဏ်ပြုသောအားဖြင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပန်းသပိတ်ဆင်နွှဲခဲ့ကြသည်။

ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) -SJPDFတပ်ဖွဲ့ ဝင်များက “ငုံ့မခံဘဲတုံ့ပြန်မယ့်သံမဏိနှင်းဆီတွေ”၊ “ကျောက်ခေတ်ကိုမှောက်ပစ်၊ တက်စုံဖွင့်ရွက်ကုန်လွှင့်”၊”ဇွန် ၁၉မပါဘဲ ပြက္ခဒိန်လုပ်ချင်လို့မရ” ၊ “လူထုနှလုံးသားကိုပမာမခန့်ပြုရင် လူထုကဘယ်လိုတုံ့ပြန်တယ်ဆိုတာ မွေးနေ့တခုကသက်သေ” စသည့် စာတန်းများကိုင်ဆောင်၍ ပန်းသပိတ်ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီက ‌အဓမ္မဖမ်းဆီးထားသောလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားအားလုံး၊အထွေထွေအကျပ်အတည်းအောက်မှ ပြည်သူလူထုတရပ်လုံး အမြန်ဆုံးလွတ်မြောက်စေရေးအတွက် စစ်ကောင်စီအား တိုက်ခိုက်ကြရန်လည်း SJPDFက တိုက်တွန်းထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီကနိုင်ငံတော်အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်မှစတင်၍ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အားဂုဏ်ပြုသောအားဖြင့် မြို့နယ်နှင့်ကျေးရွာများတွင် တော်လှန်ရေးအင်အားစုများနှင့်ဒေသခံများက ပန်းသပိတ်၊ လူထုသပိတ်များ ပြုလုပ်နေကြသည်။

မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားများ၊ စစ်အာဏာရှင်အားတော်လှန်နေသည့် လူထုတရပ်လုံးအား ဂုဏ်ပြုသည့်အနေဖြင့် အဆင်သင့်ရာပန်းများဖြင့် ဘုရားပန်းတင်ခြင်း ၊ ပန်ဆင်ကြခြင်းဖြင့် ယနေ့ ပြုလုပ်သည့် ပန်းသပိတ်တွင်ပူးပေါင်းပါဝင်ကြရန် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုက တိုက်တွန်းထားသည်။

စာတည်း – အေးချမ်း