AA ထိုးစစ်ကိုစိုးရိမ်သည့်စစ်ကောင်စီ ဂွမြို့တွင် ခံစစ်ပြင်

အညွှန်း- ပြီးခဲ့သည့် ဖေဖော်ဝါရီလက မင်းပြားမြို့နယ်အတွင်းရေကြောင်းတိုက်ပွဲ၌ စစ်ကောင်စီထံမှသိမ်းယူခဲ့သော စစ်သင်္ဘောနှင့်အတူတွေ့ရသည့် AA တပ်ဖွဲ့ဝင်များ (ဓါတ် – AA Info Desk)

မင်းထက်

(မဇ္စျိမ)။ ။ရခိုင်ပြည်နယ်တောင်ပိုင်း၊ဂွမြို့တွင် အာရက္ခတပ်တော်(AA)မှ ထိုးစစ်ဆင်တိုက်ခိုက်လာမည်ကိုစိုးရိမ်သဖြင့် စစ်ကောင်စီကခံစစ်ပြင်ဆင်နေကြောင်း ဒေသခံများနှင့်စစ်ကောင်စီအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ဂွမြို့အခြေစိုက်ခြေမြန်တပ်ရင်း ခမရ(၅၆၂)နှင့် ခမရ(၅၆၃) တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်
အားဖြည့်တင်းထားပြီး တပ်ရင်းပတ်လည်၌ မြေမြှုပ်မိုင်းများထောင်ထားသည်ဟု စစ်ကောင်စီနှင့် နီးစပ်သူတဦးကပြောသည်။

တပ်ရင်းများရှေ့၌ ဝါးခြံစည်းရိုးများ ထပ်မံကာနေကာ ပြည်သူ့စစ် ၈၀ ဦးခန့်ကိုလည်း တပ်ရင်းများအတွင်းသို့ ခေါ်ထားကြောင်း ၎င်းကပြောသည်။

ဂွ-သံတွဲလမ်းပေါ်တွင်လည်း စစ်ကောင်စီက ကင်းပုန်းများချထားပြီး မြို့ပေါ်နှင့် ကျေးရွာများအတွင်း ဧည့်စာရင်း စစ်ဖမ်းဆီးမှုများပြုလုပ်နေကြောင်း ဒေသခံအချို့ကပြောသည်။

“စစ်တပ်က လူမြင်ကွင်းမှာ မနေဘူး။ အပျောက်နေနေတယ်။ အင်အားအတိအကျကို မသိရဘူး။ ၅၆၂ နဲ့ ၅၆၃ မှာဖြည့်ထားတဲ့ အင်အားတွေကို အဲဒီနေရာတွေမှာ ဖြန့်ထားတာလို့ ယူဆရတယ်”ဟု ဂွမြို့ ဒေသခံတဦးကပြောသည်။

ပြီးခဲ့သည့် မေလအတွင်း ဂွမြို့၊ကတို့ချောင်းအနီး ပင်လယ်ထဲတွင် စစ်ကောင်စီတပ်မှ စစ်သင်္ဘာတစီး လာရောက်ရပ်ထားခဲ့ပြီး ယခု လပိုင်းအတွင်းတွင်လည်း ကမ်းထိုးရေယာဥ််တစီး ဂွမြို့အနီးသို့ ရောက်ရှိလာကြောင်း၊ အဆိုပါ ရေယာဥ်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊စစ်လက်နက်ပစ္စည်းများနှင့် ရိက္ခာများတင်ထားကြောင်း စစ်ကောင်စီနှင့် နီးစပ်သူနောက်ထပ်တဦးကပြောသည်။

“နေဗီ(ရေတပ်)က မြို့ပေါ်ရပ်ကွက်နေရာတွေကို ပွိုင့်ထောက်ခိုင်းနေတယ်။ တိုက်ပွဲဖြစ်ရင် နေရာအတိအကျပစ်ဖို့ ကြိုတင်ပြင်ဆင်နေတာ ဖြစ်နိုင်တယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ တောင်ကုတ်နှင့်သံတွဲမြို့တို့ကို AA ကထိုးစစ်ဆင်နေမှုကြောင့် ဂွမြို့တွင် စစ်ကောင်စီကလုံခြုံရေးတင်းကြပ်ကာ ခုခံစစ်အတွက် ကြိုတင်ပြင်ဆင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

” တပ်တော်(AA)က ထိုးစစ်အတွက် ကြိုကြေညာပြီး ပြောတဲ့အတိုင်းလုပ်တော့ စစ်တပ်ဘက်က မျက်စိမျက်နှာပျက်အောင် စိုးရိမ်နေတာ”ဟု ဂွမြို့‌ဒေသခံတဦးကပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ တောင်ကုတ်မြို့၊သံတွဲမြို့၊ မောင်တော်မြို့တို့၌ စစ်ကောင်စီနှင့် AA တိုက်ပွဲများဖြစ်ပွားနေသည်။ဂွမြို့နှင့် မိုင် ၈၀ခန့်ဝေးသည့် သံတွဲမြို့နယ်၊ ငပလီမြို့အနီးရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၅၆၆)ကိုAAက ယမန်နေ့(ဇွန်လ ၂၀ ရက်)မှစကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလေကြောင်း၊လက်နက်ကြီးများဖြင့် ခုခံနေကြောင်း ဒေသခံများထံမှသိရသည်။

စာတည်း – အေးချမ်း