မဲဆောက်- မြဝတီ အမှတ် (၁) တံတား ပြန်လည်ဖွင့်လှစ်

ပုံအညွှန်း- ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကူးရန် စောင့်နေကြသူများ (ဓါတ်ပုံ- Ko Myo Gyi Facebook)

ပုံအညွှန်း- ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကူးရန် စောင့်နေကြသူများ (ဓါတ်ပုံ- Ko Myo Gyi Facebook)

YT

(မဇ္ဈိမ)။          ။ ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁)ကို ယနေ့ (ဧပြီလ ၂၇ ရက်) နံနက် ၁၀ နာရီ ဝန်းကျင်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ထိုတံတားကို ဖြတ်သန်းသွားလာသူများထံက သိရသည်။

မြဝတီမြို့တွင်း တိုက်ပွဲများပြင်းထန်နေသည့် ကာလ ဧပြီလ ၂၁ ရက်မှ စ၍ ထိုတံတားပေါ်ရှိ မြန်မာလူဝင်မှုကြီးကြပ်ရေးဌာနက ယာယီနေထိုင်ခွင့် စာရွက် ကုန်နေသောကြောင့်ဟူ၍ လည်းကောင်း၊ စက် ချို့ယွင်းမှုဖြစ်ပွား၍ ဟုလည်းကောင်း စသည့် အကြောင်းပြချက်များဖြင့် ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့၊ ဖုဒ်ဖရမြို့နှင့် မယ်ရမက်မြို့ များတွင် ခုနစ်ရက်ကြာ ယာယီနေထိုင်ခွင့်ကတ်ဖြင့် နေထိုင်ကြသူများသည့် တံတားပိတ်ထားသည့် ကာလအတွင်း သတ်မှတ်ရက်ကျော်လွန်သွားပါက ဒဏ်ကြေးများ ပေးဆောင်ရကြောင်း မြန်မာနိုင်ငံသားများထံက သိရသည်။

ရက်ကျော်နေထိုင်မှုအတွက် ဒဏ်ငွေပေးဆောင်ပြီးနောက် ယာယီနေထိုင်ခွင့်ကတ်ပြုလုပ်ပြီး မဲဆောက်မြို့သို့ ပြန်လာသူ အမျိုးသမီးက
” ဒဏ်ကြေးပေးရတယ် ထိုင်းဘက်ကို ပေးရတာ။ တရက်ကို (ဘတ်)၁၀၀ ပေးရတယ်။ ကားက တစီးကို (ဘတ်)၅၀၀။ စကားပြော အဆင်ပြေရင် ပြေသလို ဈေးကတော့ မတူဘူး” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

တပတ်ကြာ ပိတ်ထားသည့် ထိုတံတား ပြန်လည်ဖွင့်လှစ်ချိန်တွင် ထိုင်းနိုင်ငံဘက်ခြမ်းမှ မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်ရန် လူများစွာ တန်းစီစောင့်ဆိုင်းနေကြကြောင်း သိရသည်။ ထိုသူများအနက် မြဝတီမြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်မည့်သူဦးရေနှင့် ထိုင်းနိုင်ငံဘက်ကို ယာယီနေထိုင်ခွင့် ကတ်ပြားဖြင့် ပြန်လည်ဝင်ရောက်လာမည့်သူ ဦးရေကို မဇ္ဈိမက စိစစ်နိုင်ခြင်းမရှိသေးပါ။

” တံတားပြန်ဖွင့်တော့ အဆင်ပြေတာပေါ့ဗျာ။ ပြီးခဲ့တဲ့ရက်တွေက နေ့တိုင်း လာကြည့်တာ တံတားဖွင့်မလားလို့လေ။ ဖြစ်ချင်တော့ ကျွန်တော်က ရက်ကျော်တာ ငါးရက်ဖြစ်သွားတယ်။ ဒါပေမဲ့ ဒီနေ့ကူးတော့ ၃၀၀ ပဲပေးရတယ်” ဟု မဲဆောက်မြို့သို့ စစ်ရှောင်လာသည့် အမျိုးသားတဦးက ပြောသည်။

အမှတ် (၁) တံတားကို ပြန်လည်ဖွင့်လှစ်ပြီဖြစ်သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ အမှတ် (၂) တံတားကို လက်ရှိအချိန်ထိ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံက သိရသည်။ ထိုတံတားများမှတဆင့် နှစ်နိုင်ငံတွင်း တရားဝင်ဖြတ်သန်းသွားလာကာ ယာယီနေထိုင်ခွင့် ကတ်ပြားဖြင့် သတ်မှတ်ထားသည့် နှစ်နိုင်ငံ နယ်စပ်မြို့များတွင် သတ်မှတ်ရက်အတိုင်း ယာယီနေထိုင်နိုင်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး