ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ အန္တိမဈာပနတွင် သီတဂူဆရာတော် မိန့်ကြားချက် သံဃာ၊ ပြည်သူထု တရပ်လုံးကို စော်ကားလိုက်ခြင်းဟု ဆရာတော်မင်းသုည မိန့်ကြား

YT

မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်ကောင်စီက ပစ်ခတ်ခဲ့မှုအပေါ် သံဃာထုအနေနဲ့ သည်းခံ၊ ခွင့်လွှတ်၊ မေ့ပျောက်ပေးရန် သီတဂူဆရာတော်၏ မိန့်ကြားချက်သည် သံဃာ၊ ပြည်သူထုတရပ်လုံးကို စော်ကားလိုက်ခြင်းဖြစ်ကြောင်း ဆရာတော် အရှင်ဣဿရိယ မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မဇ္ဈိမကို မိန့်ကြားသည်။

သီတဂူဆရာတော်သည် ဝင်းနိမ္မိတာရုံကျောင်းတိုက်အတွင်းရှိ ရဟန်းရှင်လူပြည်သူများကို ဂေါတမဘုရားရှင်လက်ထက်၊ ရာဇဂြိုလ်ပြည်မှာ ရှင်မဟာမောဂ္ဂလာန်ကို လူဆိုး ၅၀၀ က ဝိုင်းရိုက်လို့ ပရိနိဗ္ဗာန်ပြုခဲ့ရပေမယ့် သံဃာထုအနေနဲ့ ပဋိပက္ခ တစုံတရာမဖန်တီးခဲ့ကြကြောင်း ဥပမာပေးကာ ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပစ်ခတ်ခံရပြီး သေဆုံးမှုကို သည်းခံ၊ ခွင့်လွှတ်၊ မေ့ဖျောက်ရန် မိန့်ကြားခဲ့တာဖြစ်ပါတယ်။

သီတဂူဆရာတော်၏ အဆိုပါ မိန့်ကြားချက်သည် သံဃာ၊ ပြည်သူထုတရပ်လုံးကို စော်ကားရုံသာမက ဗုဒ္ဓမြတ်စွာဘုရား​၏ ဓမ္မတရားနှင့်ပါ သွေဖယ်နေကြောင်း ဆရာတော် မင်းသုည( ဗုဒ္ဓတက္ကသိုလ်) က မိန့်ကြားသည်။

ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် ဇွန်လ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီခွဲတွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကမ္မရွာအနီးတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည်။

ဆရာတော်၏ ရုပ်ကလာပ်ကို ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက်တွင် အပူဇော်ခံထားပြီး ဇွန်လ ၂၇ ရက်တွင် အန္တိမအဂ္ဂိဈာပန ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်) သည် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ စာသင်သားတပည့်သာဝကတပါး ဖြစ်သည်။

သတင်း၊တည်းဖြတ်-YT