ငဖဲတွင် စစ်ကောင်စီကင်းစခန်းကို အလစ်အငိုက်တိုက်ခိုက်မှု ၂၀ ဦး သေဆုံးဟု CDF-Asho ထုတ်ပြန်

စစ်ကောင်စီဂိတ်ကင်းစခန်းကို တိုက်ခိုက်နေစဥ်/ဓါတ်ပုံ – CDF – Asho

ပါခွီး

(မဇ္စျိမ)။ ။ မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ ကင်းစခန်းတခုကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှို (CDF – Asho)က ဇွန်လ ၂၂ ရက်တွင် ထုတ်ပြန်သည်။

ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီးရှိ ကျောင်းကုန်းရွာဟောင်းကင်းစခန်းမှ အင်အား ၃၀ ခန့်ရှိသော စစ်ကောင်စီတပ်သားများကို ဇွန်လ ၂၁ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မနက်အစောပိုင်း လုပ်ငန်းတာဝန်တွေပေးမဲ့အချိန် ရန်သူအုပ်စုလိုက် စုဖွဲ့နေတုန်းမှာ ၄၀ အသီးတွေနဲ့ အလစ်အငိုက်ဝင်ပစ်ခတ်ခဲ့တာ။ သေဆုံးတာတွေကတော့ တိုက်ခိုက်တဲ့အချိန်အတွင်း မျက်မြင်တွေ့ရ တာရယ်၊ ကပစ ၁၄ နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေချိတ်ဆက်ပြီး စာရင်းတွေကောက်ယူ ဆက်စပ်ပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်” ဟု CDF – Asho တာဝန်ရှိသူ ဆလိုင်းရိုးချင်းက မဇ္စျိမကိုပြောသည်။

နှစ်နာရီကျော်တိုက်ခိုက်မှုအတွင်း စခန်းကိုရလုနီးဖြစ်ချိန်တွင် ဘန်ကာအတွင်းမှလေးဦးသာ ပြန်လည်ပစ် ခတ်နိုင်တော့ပြီး ဘန်ကာဖြိုချနိုင်ရန် RPG ကဲ့သို့ လက်နက်ကြီးများမရှိသဖြင့် မသိမ်းနိုင်ခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးခြင်း၊ လေယာဥ်ဖြင့်ကင်းထောက်ခြင်းများပြုလုပ်လာ သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရှိခဲ့ကြောင်း ဆလိုင်းရိုးချင်းကဆက် ပြောသည်။

စစ်ကောင်စီကင်းစခန်းတိုက်ခိုက်မှု၌ သေဆုံးဒဏ်ရာရရှိမှုများကို မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင် ခြင်းမရှိသေးပေ။

အဆိုပါကင်းစခန်းသည် ငဖဲမြို့နယ်၊ ကျောင်းကုန်းရွာဟောင်းနှင့် မန်းချောင်းဆည်အနီးတွင်တည်ရှိပြီး ဂိတ်တွင် အမည်စာရင်းပေး လက်မှတ်ထိုးပြီး ခွင့်ပြုချက်ရမှသာ ဖြတ်သန်းသွားလာခွင့်ရသောကြောင့် ဒေသခံများအတွက် အနှောက်အယှက်ဖြစ်သည့်စခန်းဖြစ်ကြောင်း CDF–Asho တာဝန်ရှိသူထံကသိရ သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့-အရှိုသည် ၎င်းတို့တပ်ဖွဲ့တခုတည်း တိုက်ပွဲဖော်ဆောင်မှုရှိသကဲ့ နီးစပ်သော မဟာမိတ်များ၊ EAO အဖွဲ့များတွင် တိုက်ပွဲအတွေ့အကြုံယူရင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် အဖွဲ့အစည်းဖြစ်သည်။

၎င်းတို့အဖွဲ့ကို စစ်သတင်းထောက်လှမ်းမှုနှင့်ရိက္ခာပိုင်းတွင် ပူးပေါင်းပါဝင် ထောက်ပံ့ပေးစေလိုကြောင်း CDF–Asho တာဝန်ရှိသူ ဆလိုင်းရိုးချင်းက မေတ္တာရပ်ခံထားသည်။

စာတည်း။ ။စောဖေ