နောင်ချို ခမရ(၁၁၅)တပ်ရင်းသိမ်းတိုက်ပွဲ RPGများအပါအဝင် လက်နက်ခဲယမ်းအများအပြား TNLA ပူးပေါင်းတပ်ရရှိ

ဓါတ်ပုံ- TNLA

ဓါတ်ပုံ- TNLA

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ ခြေမြန်တပ်ရင်း ခမရ (၁၁၅) ကို သိမ်းပိုက်စဉ်လက်နက်ခဲယမ်း ၃၅၀ ကျော် သိမ်းပိုက်ရရှိခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)မှ ယနေ့ (ဇွန် ၂၈ ရက်)သတင်းထုတ်ပြန်သည်။

ခြေမြန်တပ်ရင်း ခမရ (၁၁၅) ကို ဇွန်လ ၂၆ရက်က သိမ်းယူခဲ့ခြင်းဖြစ်ပြီး ရရှိသည့် လက်နက်ခဲယမ်းများကို ယနေ့ ထုတ်ပြန်ခြင်းဖြစ်သည်။

သိမ်းပိုက်ရရှိသည့်လက်နက်များတွင် MA-1၊ MA-2၊ MA-3 စသည့် သေနတ်မျိုးစုံ ၃၄၉ လက်အပါအဝင် RPG၊​ ၆၀ မမ ပြောင်း၊ စက်လတ်အသေးစသည့် လက်နက်မျိုးစုံပါဝင်ကြောင်း TNLA က ဓာတ်ပုံမှတ်တမ်းများဖြင့် ထုတ်ပြန်ထားသည်။
ယင်းအပြင် ကျည်ဆံ ၅၀,၀၀၀ ကျော်၊ RPG လက်နက်ကြီးကျည် ၅၀၀ ကျော်၊ဗုံးသီး၊ မိုင်းနှင့် စကားပြောစက်များကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ဆိုသည်။

ယင်းအပြင် နောင်ချိုမြို့နယ်ရှိ ကံ့ကော်တပ်စခန်းနှင့် အခြားတပ်စခန်းမှ လက်နက်မျိုးစုံ ၁၀၀ ကျော်လည်း သိမ်းဆည်းရရှိခဲ့ကြောင်းထုတ်ပြန်ထားသည်။

” လက်နက်တွေများလွန်းလို့ ကားနဲ့ မနည်းတိုက်သယ်ရတယ်”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။

နောင်ချိုမြို့တွင် ယနေ့ ဇွန် ၂၈ ရက်နေ့ နံနက် ၆ နာရီမှ စတင်ကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံအချို့က ပြောသည်။

“မနက် ၆ နာရီကစပြီး ဗုံးဆက်တိုက်ကြဲတယ်။ တိုက်လေယာဉ်နဲ့ပဲ။ လူတွေလည်း အရမ်း ပျာယာခတ်နေပြီ” ဒေသခံတဦးကမဇ္ဈိမကို ယနေ့နံနက်ပိုင်းတွင် ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့တွင် ဇွန် ၂၅ ရက်နေ့မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း သုံးရက်တာအတွင်း ခြေမြန်တပ်ရင်း (၁၁၅) အပါအဝင် မြို့မရဲစခန်းနှင့် ဌာနဆိုင်ရာ နေရာများ၊ အမြောက်တပ် (၆၀၆) တို့ကိုTNLA၊ MDY-PDF နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။

စာတည်း – အေးချမ်း