ကမ္ဘာ့တောင်ပိုင်း နိုင်ငံများကို လွှမ်းမိုးရန် ကြိုးစားနေသော တရုတ်အာဏာရှင် သင်တန်းများ

PML Daily

တရုတ်သည် ၎င်း၏ အုပ်ချုပ်မှုဖွဲ့စည်းပုံနှင့် ကွန်မြူနစ်ပါတီ အတွေးအခေါ်များကို ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ဖြန့်ကြက်နေပုံရကြောင်း Atlantic Council ၏ Global China Hub အစီရင်ခံစာ တခုတွင် ဖော်ပြထားသည်။ ၎င်း သည် စီးပွားရေးသင်တန်းကျောင်းတခု၏ အစိတ်အပိုင်း အဖြစ် လေ့ကျင့်ရေး အစပျိုးရာမှ အောင်မြင်လာခြင်းဖြစ်သည်။

တရုတ်အစိုးရသည် ၂၀၂၁ နှင့် ၂၀၂၂ တွင် အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲပေါင်း ၇၉၅ ခုကို ပံ့ပိုးပေးခဲ့ပြီး အာဏာရှင်အုပ်ချုပ်ရေးသည် စီးပွားရေးတိုးတက်မှုအတွက် အရေးကြီးသည်ဟူသော အယူအဆကို မြှင့်တင်ခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြသည်။ ယင်းမှာ တရုတ်၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လည်ပတ်သော ပညာရေး အဖွဲ့အစည်းဖြစ်သည့် နိုင်ငံတကာ စီးပွားရေး အရာရှိများ အကယ်ဒမီ (AIBO) မှ စာတမ်းပေါင်း ၁,၀၀၀ ကျော်ကို ခွဲခြမ်းစိတ်ဖြာရာမှ ကောက်နှုတ်ထားခြင်း ဖြစ်သည်။

AIBO ဝဘ်ဆိုဒ်သည် စီးပွားရေးပညာပေးခြင်း၊ ကွန်ဖရင့်များကျင်းပခြင်း၊ လူ့စွမ်းအားအရင်းအမြစ် သင်တန်းပေးခြင်းနှင့် ဝန်ကြီးဌာနအတွင်း တရုတ်ကွန်မြူနစ်ပါတီဝင်များအတွက် ပါတီပညာရေးကို ပံ့ပိုးပေးခြင်းစသည့် ဝန်ဆောင်မှုများကို ပေးဆောင်သည့် အဖွဲ့အစည်းတခုဖြစ်သည်။

အဆိုပါ ဝဘ်ဆိုဒ်စာရင်းတွင် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများရှိ တရုတ်သံရုံးများအတွက် အွန်လိုင်းဆွေးနွေးပွဲ တက်ရောက်မည့်သူများကို ဖိတ်ခေါ်ရန် လမ်းညွှန်ချက်များပါရှိသည်။ “တရုတ် ၏ သွင်ပြင်လက္ခဏာဖြင့် ကမ္ဘာ့တောင်ပိုင်း နိုင်ငံများ” ဟူသော အစီရင်ခံစာအရ နှစ်နှစ်တာကာလအတွင်း အဆိုပါဆွေးနွေးပွဲများတွင် လူပေါင်း ၂၁,၁၂၃ ဦး ပါဝင်ခဲ့ကြသည်။

စာတမ်းများတွင် အမျိုးသား အုပ်ချုပ်ရေးနှင့် ဥပဒေစိုးမိုးရေးမှ မီဒီယာနှင့် သတင်းအချက်အလက် ကြီးကြပ်ကွပ်ကဲမှုအထိ ဘာသာရပ်များစွာ ပါဝင်သော တက္ကသိုလ်များ၊ ဌာနဆိုင်ရာများနှင့် အစိုးရဆိုင်ရာ သုတေသနအဖွဲ့အစည်းများမှ ဦးဆောင်တင်ပြသည့် အဆိုပြုချက်များကိုလည်း ထည့်သွင်းထားသည်။ နိုင်ငံအများအပြားသည် လေ့ကျင့်ရေး အစပျိုးမှုများနှင့် အတွေ့အကြုံများမျှဝေခြင်းမှ တဆင့် ကမ္ဘာလုံးဆိုင်ရာ အသိပညာပေးမှုများ ပါဝင်နေသော်လည်း တရုတ်၏ချဉ်းကပ်မှုသည် အုပ်ချုပ်ရေးနှင့် စီးပွားရေးဗဟိုချုပ်ကိုင်မှု ပါ၀င်သည့် နိုင်ငံရေးအတွေးအခေါ်အပေါ် အခြေခံထားခြင်း ဖြစ်ကြောင်း အစီရင်ခံစာ ရေးသားသူ နီဗာယု က ဖော်ပြသည်။

လေ့ကျင့်ရေးသင်တန်း တခုစီတွင် ပါတီ နှင့် အဖွဲ့အစည်း၏ အတွေးအခေါ်နှင့် သဘောတရားများကို ရိုးရှင်းစွာ တင်ပြ၍ တရုတ် ၏ အောင်မြင်မှုများအပေါ် သိသာထင်ရှားသော အကျိုးသက်ရောက်မှုကို အလေး‌ပေးတင်ပြထားကြောင်း ယု က ဖော်ပြသည်။ အာဏာရှင် အုပ်ချုပ်ရေးအား ‌ရွေးချယ်မှု သည် မည်သို့ ပြန့်ပွားကြောင်း ချဉ်းကပ်မှုကို အဓိကထား လေ့လာသည့် နယ်ပယ်အား ယု က အလေးပေးဖာ်ပြသည်။ ရည်ရွယ်ချက်မှာ တရုတ်သည် စီးပွားရေး အတားအဆီးများကို ကျော်လွှားအောင်မြင်ခြင်းသည် ၎င်း၏ အာဏာရှင် နိုင်ငံရေး အခြေအနေကြောင့် ဖြစ်သည်ဟူသော ခံယူချက်ကို သင်တန်း တက်ရောက်သူများတွင် ဆက်လက်ရှိနေစေချင်ပုံရသည်ဟု ယု က ဆက်လက်ပြောသည်။

အချို့သော လေ့ကျင့်ရေးသင်တန်းများသည် ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အချက်အလက်စနစ် နည်းပညာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဲ့သို့ နိုင်ငံရေး သဘောတရား အနည်းငယ်သာ ပါဝင်သော ခေါင်းစဉ်များကို ထည့်သွင်းထားသော်လည်း ၎င်းတို့သည် တရုတ်ဝါဒဖြန့်မှုနှင့် သံခင်းတမန်ခင်းဆိုင်ရာ အားကောင်းသည့် အစိတ်အပိုင်းများကို သယ်ဆောင်နေဆဲဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။ ဥပမာအားဖြင့် ၂၀၂၂ ဇွန် တွင် ကျင်းပခဲ့သော ဇီဝဓာတ်ငွေ့နည်းပညာ နှင့် ကျေးလက်စွမ်းအင် ထိန်းသိမ်းရေးကို အဓိက ထားသည့် ဆွေးနွေးပွဲတခုတွင် တရုတ်၏ နိုင်ငံရေးအခင်းအကျင်း၊ နိုင်ငံခြားရေးမူဝါဒနှင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများအကြောင်း ဆွေးနွေးမှုကို ထည့်သွင်းထားသည်။

အဆိုပါ အစည်းအဝေးကို အစိုးရကျောင်းမှာ ဒုတိယဌာနမှူး နှင့် Beijing Normal University မှ ပါတီကော်မတီဝင်တဦး ဖြစ်သူ ဝမ်လီ က စီစဉ်ပေးခဲ့သည်။

သုတေသီအဖွဲ့တဖွဲ့သည် အစီရင်ခံစာတွင်ဖော်ပြထားသော စာရွက်စာတမ်းအများအပြားကို ပြန်လည်သုံးသပ်ခဲ့သည်။ ယင်းစာတမ်းတွင် AIBO သည် တရုတ် နိုင်ငံတော်ကောင်စီလက်အောက်မှ ဝန်ကြီးဌာနအဆင့်ရှိ အဖွဲ့အစည်းတခုဖြစ်သော Chinese Academy of Social Sciences (CASS) နှင့် ၂၀၂၁ ဇွန် ၂ ရက်တွင် နှီးနှောဖလှယ်ပွဲတခု ပြုလုပ်ခဲ့ကြောင်း ထင်ရှားနေသည်။

ယင်း ဆွေးနွေးပွဲသည် “ရှီကျင့်ဖျင် ၏ တရုတ် အုပ်ချုပ်ရေး” ခေါင်းစဉ် တွင်ပါရှိသော အကြောင်းအရာ၊ အခြေခံမူများနှင့် တန်ဖိုးများကို ဖြန့်ဝေရန် ရည်ရွယ်ပြီး သမ္မတ၏ မိန့်ခွန်းများနှင့် အရေးအသားများကို စုစည်းထားသည်။

စီမံကိန်း၏ ရည်ရွယ်ချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ နိုင်ငံအကြီးအကဲများဖြစ်သော အကြီးတန်း အကြံပေးများနှင့် အစိုးရအဖွဲ့ဝင်များသည် တရုတ်၏ ကျင့်ထုံးများနှင့် စွမ်းဆောင်ရည်များကို နက်နက်နဲနဲ နားလည်သဘောပေါက်ရန် ဖြစ်ကြောင်း အစိုးရ စာရွက်စာတမ်း အချက်အလက်များအရ သိရသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကို တုံ့ပြန်ရာတွင် အသုံးပြုသည့် လူမှုရေး စည်းရုံးမှုနှင့် စီမံခန့်ခွဲမှုနည်းလမ်းများ၊ ကပ်ရောဂါဖြစ်ပွားမှုမှ ကြုံတွေ့ရသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုများအပေါ် အဓိက ထားသည်။

အွန်လိုင်း အစည်းအဝေးတွင် ပါကစ္စတန်၊ အီကွေဒေါနှင့် ချီလီတို့အပါအဝင် နိုင်ငံ ခြောက်နိုင်ငံမှ ထိပ်တန်းအကြံပေးများနှင့် ပညာရှင် ၂၀ တက်ရောက်ခဲ့ကြောင်း CASS ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ပါတီတည်ဆောက်ရေးနှင့် တရုတ်မာ့က်စ်ဝါဒဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ ဝူဘို က ပါဝင် ဟောပြောခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် တရုတ်ကွန်မြူနစ်ပါတီ မှ ပြုလုပ်သော တရုတ် နိုင်တကာဆက်သွယ်ရေးအဖွဲ့ ၏ မီဒီယာသင်တန်း ကို ညှိနှိုင်းလုပ်ဆောင်ခဲ့သည်။ ယင်းက တရုတ်၏ တင်းကျပ်သော ထိန်းချုပ်မှုနှင့် ဆန်းပြားသော မီဒီယာဆင်ဆာဖြတ်တောက်မှုကို ထင်ဟပ်စေသည်။

တရုတ်သည် ပြည်ပမီဒီယာများကို သြဇာလွှမ်းမိုးပြီး နိုင်ငံသားများအား စောင့်ကြည့်ရေးနှင့် သဘောထားကွဲလွဲမှုများကို နှိမ်နင်းရန် အသုံးပြုသည့် ခေတ်မီဆန်းပြားသော စောင့်ကြည့် ထောက်လှမ်းရေး နည်းပညာကို မျှဝေခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ဇာတ်ကြောင်းများကို တက်ကြွစွာ ပြန်လည်ပုံဖော်နေသည်။ ရှီ ၏ မဟာဗျူဟာသည် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများအတွက် အမေရိကန် ဦးဆောင်သည့် အနေအထားမှ အစားထိုး ‌ရွေးချယ်မှုကို စတင်ရန် ရည်ရွယ်ပြီး အဓိကထားပုံရသည်။ အမေရိကန် အပါအဝင် အနောက်မဟာမိတ်များနှင့် တင်းမာနေသည့် ဆက်ဆံရေးကြားတွင် တရုတ်သည် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများနှင့် ဆက်ဆံရေးကို အရှိန်မြှင့်လျက်ရှိသည်။

ကမ္ဘာ့တောင်ပိုင်းရှိ နိုင်ငံအများအပြားသည် တရုတ်၏ အုပ်ချုပ်မှုပုံစံကို စူးစမ်းလေ့လာရန် စိတ်အားထက်သန်နေကြကြောင်း ယု က ထုတ်ဖော်ပြောသည်။ တရုတ် အား အစားထိုးရွေးချယ်မှုကို အခြေခံအားဖြင့် လက်ခံကျင့်သုံးနေသော ကမ္ဘာလုံးဆိုင်ရာ အသွင်ကူးပြောင်းမှု နှင့် ယင်းမှာ နောက်ပြန်မဆုတ်နိုင်သော အကျိုးဆက်များကို ဖြစ်ပေါ်စေကြောင်း ယု က တွေ့ရှိခဲ့သည်။ တရုတ် ၏ နိုင်ငံတကာအာဏာရှင် စီမံကိန်း သည် ကမ္ဘာ့တောင်ပိုင်းနိုင်ငံများကို ဖမ်းဆုပ်နိုင်ဖွယ် အလားအလာရှိသည်။