မတူပီမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

ပုံအညွှန်း – မတူပီမြို့သိမ်းတိုက်ပွဲဝင်သည့် ရဲဘော်များ
ဓါတ်ပုံ – ချင်းညီနောင်အဖွဲ့

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မတူပီမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ပြီး မြို့ကိုလည်း သိမ်းပိုက်ရရရှိထားပြီးဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့က ယမန်နေ့ (ဇွန်လ ၂၉ရက်)တွင် ထုတ်ပြန်သည်။

ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်များက “ချင်းညီနောင်စစ်ဆင်ရေး” (Operation CB) နာမည်ဖြင့် မတူမြို့သိမ်းတိုက်ပွဲကို ဇွန်လ ၉ရက်နေ့တွင် စတင်ခဲ့ရာ ဇွန်လ ၁၁ရက်နေ့တွင် မတူပီမြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို သိမ်းပိုက်နိုင်ခဲ့သည်။

ယင်းနောက် အမှတ်(၃၀၄) ခြေမြန်တပ်ရင်းကို ဇွန်လ ၁၇ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကာ ချင်းပြည်နယ်တောင်ပိုင်းရှိ အကြီးဆုံးဖြစ်သည့် စစ်ဗျူဟာနှင့် အမှတ်(၁၄၀) ခြေလျင်တပ်ရင်းတို့ကို ဇွန်လ ၂၉ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ သူတို့တပ်စခန်းတွေကို ရာခိုင်နှုန်းတော်တော်များများရှင်းလင်းပြီးပါပြီ ၊ တောထဲကို ဖရိုဖရဲနဲ့ ထွက်ပြေးနေတာတွေတော့သေးရှိတယ်” ဟု CDF – Matupi တပ်မဟာ(၁) ပြန်ကြားရေးတာဝန်ခံက မဇ္စျိမ ကိုပြောသည်။

အဆိုပါနောက်ဆုံးတိုက်ခိုက်သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သေဆုံးမှု များပြားပြီး အရှင်မိထားသူများနှင့် လက်နက်ခဲယမ်းများကို သိမ်းပိုက်ရရှိ ထားသည် ဟုဆိုသည်။

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့ဝင်များနှင့်အတူ မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သည့် အာရက္ခတပ်တော်(AA) , Yaw Army (YA) နှင့် Yaw Defense Force (YDF) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ချင်းညီနောင်စစ်ဆင်ရေးတွင် အသက်ပေးသွားကြသည့် အာဇာနည်သူရဲကောင်းများ ၊ ကိုယ်လက်အင်္ဂါပေးဆပ်ကြသည့် ရဲဘော်များနှင့် အောင်ပွဲရသည်အထိ စွမ်းစွမ်းတမံ ချီတက်တိုက်ပွဲဝင်ခဲ့ကြသော တပ်မှူးတပ်သားများ၏ အမိန့်နာခံမှု ၊ ဇွဲလုံလရှိမှု တို့အပေါ် လေးစားဂုဏ်ယူကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ချင်းပြည်နယ်ရှိ မြို့နယ်များအတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့က အသိပေးထားသည်။

၂၀၂၄ခုနှစ်အတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီကင်းစင်ရေး စစ်ရေးရည်မှန်းချက်များနှင့်အညီ ချင်းညီနောင်တပ်ဖွဲ့သည့် မြို့သိမ်းတိုက်ပွဲများကို မဟာမိတ်များနှင့် ပူပေါင်းကာ ဖော်ဆောင်နေခြင်းဖြစ်သည်။

နိုင်ငံရေး နှင့် စစ်ရေးများတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ချင်းပြည်နှင့် ချင်းအမျိုး သားလုံးဆိုင်ရာ ကိစ္စများတွင်ဘုံသဘောတူညီချက်ဖြင့်ပူးပေါင်းပါဝင်ရန် ရည်ရွယ်ချက်ဖြင့် ချင်းညီနောင်အဖွဲ့ကို ဇိုမီးဖက်ဒရယ်အစည်းရုံး(ZFU/PDF – Zoland) ၊ ချင်းအမျိုးသားအဖွဲ့ချုပ်( CNO/CNDF) ၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်) (CNC/CDF – Mindat) ၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) (CDF – Kanpetlet) နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) (CDF- Matupi ) တပ်မဟာ(၁) တို့ဖြင့်ဖွဲ့စည်း ထားခြင်းဖြစ်သည်။

မေလ ၁၅ရက်ကလည်း ချင်းမျိုးသားတပ်မတော်(CNA) နှင့် မဟာမိတ်တပ်ဖွဲ့များက တွန်းဇံမြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ မေလ ၁၉ရက်နေ့တွင် ကျီးခါးမြို့ကို ရရှိခဲ့ပြီး မေလ ၂၁ရက်နေတွင် တွန်းဇံမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို အပြီးတိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကိုထိန်းချုပ်ထားနိုင်ခဲ့ကြောင်း သိရှိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)