မိုးကုတ်−မန္တလေးလမ်းပိုင်း တစ်လျှောက် တိုက်ပွဲဖြစ်ပွား၊ မိုးကုတ်မှ စစ်ရှောင်လာကြသူများလမ်းတွင်ပိတ်မိ

ပုံအညွှန်း- မိုးကုတ်- မန္တလေးလမ်းပိုင်းတွင် ပိတ်မိနေသည့် မိုးကုတ်မှ စစ်ရှောင်များ
ဓာတ်ပုံ-Mogok Organization

ရွှေနွယ်
(မဇ္ဈိမ)။ ။ မိုးကုတ်−မန္တလေး လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ယနေ့ (ဇူလိုင်လ ၁ ရက်) နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေ၍ မိုးကုတ်ဘက်မှ မန္တလေးသို့ စစ်ရှောင်လာကြသူများသည် လမ်းတွင်ပိတ်မိနေကြကြောင်း သိရသည်။

မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာနှင့် စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာအကြား မိုးကုတ်−မန္တလေးလမ်းပိုင်းတွင် ယနေ့ နံနက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

ထိုတိုက်ပွဲကြောင့် သပိတ်ကျင်းမြို့နယ် ၊ လိပ်ကျကျေးရွာအနီးတဝိုက်တွင် စစ်ရှောင်များ ဆက်လက်ထွက်ခွာမရဖြစ်နေကြောင်း အဆိုပါ နေရာတွင် ပိတ်မိနေသူတဦးက ပြောသည်။

“ချောင်းကြီးက တရွာလုံးမရှိတော့ဘူး။ ရွာထဲလက်နက်ကြီးတွေ တောက်လျောက်ကျလို့ အကုန်ပြေးကုန်ရပြီ။ စစ်တပ်က ရမ်းပစ်နေတာ။ ကျွန်တော်တို့လည်း မန်းလေးမှာ။ လမ်းပိုင်းက ပြောလို့မရဘူး တစ်ခါတလေလဲ တနာရီလောက်ဖြတ်လို့ရတာမျိုးရှိတယ်။ အတိအကျတော့မှန်းလို့မရဘူး။ နွယ်ရုံကို ကျော်နိုင်ရင်တော့ ဒီဘက်က လာလို့ရတယ်” ဟု ချောင်းကြီးကျေးရွာမှ ယနေ့စစ်ရှောင်လာသူ ဒေသခံတဦးကလည်းပြောသည်။

မိုးကုတ်မြို့အတွင်း တိုက်ပွဲများဖြစ်ပွားလျက်ရှိကာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများဖြစ်ပွားလျက်ရှိသောကြောင့် ဒေသခံခံများမှာ နေရပ်စွန့်ခွာလာကြခြင်းဖြစ်သည်။

” မိုးကုတ်က ဆင်းလာသူတွေလည်း ချောင်းကြီးကိုကျော်မရဘူး။ ကားတွေ ဆိုင်ကယ်တွေမှ အများကြီးပဲ။ ဘာဆက်ဖြစ်မလဲမသိဘူး” ဟု မိုးကုတ်−မန္တလေးလမ်းပိုင်းတွင် ယနေ့ နံနက်ပိုင်းပိတ်မိနေသူ တဦးကပြောသည်။

ထို့ပြင် အဆိုပါ လမ်းပိုင်းတလျောက်ပိတ်မိနေကြသူများသည် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများလည်းပြတ်တောက်လျက်ရှိသောကြောင့် ဆက်သွယ်ရေးအခက်အခဲ၊ သောက်သုံးရေအခက်အခဲများလည်း ကြုံတွေ့နေကြရကြောင်း သိရသည်။

မိုးကုတ်မြို့ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ- ၁၄၈)သည် မြို့မှ ယာဥ်များ ထွက်ခွာခွင့်ပေးသော်လည်း မြို့တွင်းယာဥ်များ ဝင်ခွင့်မပေး၍ မိဘဆွေမျိုးစသည်ဖြင့် ကျန်ရစ်သူများကို သွားရောက်ခေါ်ဆောင်လိုသူများ အနေဖြင့် ခက်ခဲနေကြောင်း သိရသည်။

မိုးကုတ်မြို့တွင် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ ၁၀၂၇ စစ်ဆင်ရေး၏ တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA) ၏ ယမန်နေ့ (ဇွန်လ ၃၀ ရက်) ညပိုင်းသတင်းထုတ်ပြန်ချက်အရ မိုးကုတ်မြို့ ရွှေသာယာတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် တိုက်ခိုက်လျက်ရှိကြောင်းထုတ်ပြန်ထားသည်။

အဆိုပါ မိုးကုတ်−မန္တလေးလမ်းပိုင်းအား ည ၇ နာရီမှ နံနက် ၆ နာရီအတွင်းဖြတ်သန်းသွားလာခြင်းမပြုရန်၊ သတ်မှတ်ချိန်အတွင်းဖြတ်သန်းသွားလာပါကလည်း ကားမှန်ချမောင်းနှင်ရန်၊ စစ်ကောင်စီတပ်ကားများနှင့် အနီးကပ်သွားလာခြင်းရှောင်ရှားရန်၊ တိုက်ပွဲဖြစ်သံကြားပါက ကားများရပ်တန့်နေရန် စသည့်တို့ကို ပြင်ဦးလွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၂၅ ရက်နေ့ကထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး