ဆန်လုပ်ငန်းရှင်များနှင့် စျေးဝယ်စင်တာ တာဝန်ရှိသူများကို စစ်ကောင်စီ ဖမ်းဆီးအရေးယူ

ဆန်ဝယ်ယူနေသည့် ပြည်သူများအား ဇွန်လ ၃၀ ရက်နေ့က တွေ့ရစဥ်( Photo- မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်)

001

(မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က လစဉ်ထုတ်ပြန်သည့် သတ်မှတ်ဈေးနှုန်းထက် အမြတ်တင်ရောင်းချသည်ဟုဆိုကာ ဆန်စပါးလုပ်ငန်းရှင်များ၊ ဈေးဝယ်စင်တာနှင့် စတိုးဆိုင်များမှ တာဝန်ရှိသူများကို ဖမ်းဆီးထားပြီး အရေးယူသွားမည်ဟု စစ်ကောင်စီက ယမန်နေ့ (ဇွန်လ ၃၀ ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

ဆန်စပါးလုပ်ငန်းရှင် ၃၁ ဦး၊ ဈေးဝယ်စင်တာနှင့် စတိုးဆိုင် ၃၀ ၊ ဈေးဝယ်စင်တာ ၂၂ ဆိုင်မှ တာဝန်ရှိသူ လေးဦးတို့ကို ၎င်းတို့ ရရှိခဲ့သည့် အကျိုးအမြတ်အပေါ် ဒဏ်ကြေးနှင့် အခွန်ထပ်မံကောက်ခံခြင်း၊ ၂၀၁၂ ခုနှစ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅) အရ အရေးယူခြင်းတို့ ပြုလုပ်သွားမည်ဟု စစ်ကောင်စီက ဆိုသည်။

ထိုအထဲတွင် ဖမ်းဆီးခံထားရသည့် One stop Mart ဒါရိုက်တာ ဦးမျိုးသန့်၊ City Mart Holding ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးဖြိုးမင်းကျော်၊ Sein Gay Har Trading ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်ဝင်း၊ Aeon Orange ဒါရိုက်တာ ဂျပန်လူမျိုး Mr.Kasamatsu Hiroshi နှင့် ဆန်စပါးလုပ်ငန်းရှင် ခုနစ်ဦးတို့ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ (၅) ဖြင့် အရေးယူမည်ဟု ဖော်ပြထားသည်။

အဆိုပါ ဈေးဝယ်စင်တာ တာဝန်ရှိသူများအနေဖြင့် သတ်မှတ်ဈေးထက် ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမို အမြတ်တင်ခဲ့ပြီး ဆန်စပါးလုပ်ငန်းရှင်များ အနေဖြင့်လည်း ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ အမြတ်တင်ရောင်းချခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ထို့ပြင် ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ခဲ့သည့် ဆန်စပါး လုပ်ငန်းရှင် ၂၄ ဦးနှင့် ၂၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ခဲ့သည့် ဈေးဝယ်စင်တာနှင့် စတိုးဆိုင် ၃၀ ကိုမူ ၎င်းတို့ ရရှိခဲ့သည့် အကျိုးအမြတ်များအပေါ် ဒဏ်ကြေးနှင့် အခွန် ထပ်မံစည်းကြပ်မည် ဖြစ်ကြောင်း ဆိုသည်။

၂၀၁၂ ခုနှစ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အနည်းဆုံးထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့်အပြင် ကျပ် ငါးသိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်ခြင်း ခံရမည်ဟု ဖော်ပြထားသည်။

လက်ရှိ ပြည်တွင်း ဆန်ဈေးကွက်အတွင်း၌ ဆန်စပါးအသင်းချုပ်က သတ်မှတ်ပေးသည့် ဆန်ဈေးထက် ပိုမို ရောင်းချနေသူများကို စိစစ်ဖော်ထုတ်ပြီး ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီက သတိပေးထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ပိုမိုအမြတ်တင်ရောင်းချနေမှုများကို တွေ့ရှိပါက လျှို့ဝှက်စွာ သတင်းပေးရန်လည်း ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်း ပိုမိုမြင့်တက်လာနေမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက လုပ်ငန်းရှင်များကို စီးပွားရေးကမောက်ကမဖြစ်အောင် လုပ်ဆောင်သည်ဟု ဆိုကာ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

လက်ရှိတွင် ဆန်စပါးလုပ်ငန်းရှင်များအပြင် ရွှေနှင့် နိုင်ငံခြားငွေလဲလှယ်မှု လုပ်ငန်းတို့တွင်လည်း ဖမ်းဆီးတရားစွဲဆိုမှုများ ပြုလုပ်ထားသည်။

စာတည်း။ ။ နောင်နောင်