တရုတ်သုတေသန သင်္ဘောကို ဆိုက်ကပ်ခွင့်မပြုကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး ပြော

တရုတ်သုတေသန သင်္ဘောကို ဆိုက်ကပ်ခွင့်မပြုကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး ပြော

ကိုလံဘို ဆိပ်ကမ်းတွင် တရုတ်သင်္ဘောအား ဆိုက်ကပ်ရန် ခွင့်ပြုချက် မပေးကြောင်းနှင့် လုံခြုံရေးနှင့် ပတ်သက်၍ အိန္ဒိယ၏ စိုးရိမ်မှုသည် သီရိလင်္ကာအတွက် အရေးကြီးကြောင်း သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး အလီ ဆဘရီ က ပြောကြားပြီး အောက်တိုဘာ ၂ ရက် က ပြောကြားသည်။

အောက်တိုဘာလအတွင်း သီရိလင်္ကာ၌ ဆိုက်ကပ်ရန် စီစဉ်ထားသော တရုတ် သုတေသန သင်္ဘော ရှီယန်-၆ နှင့် ပတ်သက်၍ အိန္ဒိယ ၏ စိုးရိမ်မှုများ နှင့် ပတ်သက်၍ မေးမြန်းရာ သင်္ဘောများ ဆိပ်ကမ်း ဆိုက်ကပ်မှု နှင့် ပတ်သက်၍ စံပြုထားသော လုပ်ငန်း လည်ပတ်မှု လုပ်ထုံးလုပ်နည်း (SOP) ရှိပြီးဖြစ်၍ ၎င်း အတွက် အိန္ဒိယ အပါအဝင် မိတ်ဆွေ အများအပြားနှင့် တိုင်ပင်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

“ဒါနဲ့ ပတ်သက်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ ဆွေးနွေးဖြစ်ကြတယ်။ အိန္ဒိယက သူ့ရဲ့ စိုးရိမ်မှုတွေကို အချိန်အတော်ကြာအောင် ထုတ်ဖော်ပြောဆိုခဲ့ပြီး အခု ကျွန်တော်တို့ မှာ SOP စံနှုန်းနဲ့ လည်ပတ်တဲ့ လုပ်ငန်းစဉ်တွေ ရှိလာပါပြီ။ အဲဒါကို စလုပ်တုန်းကတော့ အိန္ဒိယ အပါအဝင် ကျွန်တော်တို့ မိတ်ဖက် တော်တော်များများနဲ့ တိုင်ပင်ကြတယ်။ ဒါကြောင့် SOP ကို ​​လိုက်နာနေသရွေ့တော့ ကျွန်တော်တို့မှာ ပြဿနာမရှိပါဘူး။ ဒါပေမယ့် SOP ကို ​​မလိုက်နာဘူးဆိုရင် ကျွန်တော်တို့မှာ ပြဿနာရှိပါတယ်” ဟု အလီ ဆာဘရီ က ANI သို့ ပြောကြားသည်။

သီရိလင်္ကာသည် တရုတ်သင်္ဘော ရှန်ယီ ၆ ကို အောက်တိုဘာလ အတွင်း ဆိပ်ကမ်း၌ ဆိုက်ကပ်ရန် ခွင့်မပြုထားကြောင်း နှင့် ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားသည်။

“ဒါကြောင့် ကျွန်တော် သိသလောက်တော့ အောက်တိုဘာလ အတွင်းမှာ တရုတ် သုတေသန သင်္ဘောကို သီရိလင်္ကာကို ဝင်ဖို့ ခွင့်မပြုထားဘူး။ ဒါကြောင့် ညှိနှိုင်းမှုတွေ လုပ်နေတယ်။ ဒါပေမယ့် တရားဝင်ဖြစ်တဲ့ အိန္ဒိယရဲ့ လုံခြုံရေးက အရမ်းအရေးကြီးတယ်။ ကျွန်တော်တို့ဒေသကို ငြိမ်းချမ်းတဲ့ဇုန်အဖြစ် ထိန်းသိမ်းထားချင်တာကြောင့် ဒါကို အမြဲတမ်းပြောနေတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

အစောပိုင်းတွင် သီရိလင်္ကာသမ္မတ ရာနေး ဝစ်ခရီမက်စင်ဂီ ကလည်း နိုင်ငံခြား ရေယာဉ်များအတွက် SOP နှင့် အညီ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားသည်။ တရုတ် သုတေသန သင်္ဘောသည် သီရိလင်္ကာတွင် အမျိုးသား ရေအရင်းအမြစ် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (NARA) နှင့်အတူ သုတေသန ပြုလုပ်ရန် မျှော်မှန်းထားကြောင်း သီရိလင်္ကာ အခြေစိုက် Daily Mirror က ဖော်ပြသည်။

ထို့ပြင် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဗစ်တိုးရီးယား နူလန်း က သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး အလီ ဆာဘေး နှင့် တွေ့ဆုံရာတွင် တရုတ် သုတေသနသင်္ဘော ရှန်ယီ ၆ လာမည့်ခရီးစဉ်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိကြောင်း ဖွင့်ဟ ပြောဆိုခဲ့ကြောင်း Daily Mirror က ဖော်ပြသည်။

“အမေရိကန်သည် ခိုင်မာပြီး သာယာဝပြောသော သီရိလင်္ကာနိုင်ငံကို ထောက်ခံပါတယ်။ ကျွန်တော်တို့ လုပ်ငန်းကို ကုလသမဂ္ဂ အထွေထွေညီလာခံ (#UNGA) မှာ အတူတကွ ပူးပေါင်း၍ ဆက်လက် လုပ်ဆောင်နေတယ်။ အမေရိကန်၏ စီးပွားရေးအကူအညီ၊ လူ့အခွင့်အရေး၊ နှင့် အင်ဒို-ပစိဖိတ်ဒေသအတွက် ကျွန်တော်တို့၏ အမြင်များကို လွတ်လပ်ပွင်းလင်းစွာ မျှဝေရန် သီရိလင်္ကာ နိုင်ငံခြားရေး ဝန်ကြီး အလီ ဆာဘေး နှင့် တွေ့ဆုံခဲ့တယ်” ဟု ဗစ်တိုးရီးယား နူလန်း က တွစ်တာ တွင် ရေးသားထားသည်။

ဆာဘေး က သီရိလင်္ကာသည် ၎င်းပိုင်နက်နယ်မြေအတွင်း နိုင်ငံခြားသင်္ဘောများ၊ လေယာဉ်များ နှင့် ပတ်သက်သည့် မည်သည့်လုပ်ဆောင်မှုမဆို ဆောင်ရွက်ရာတွင် လိုက်နာရမည့် Standard Operating Procedure (SOP) နှင့် အညီ လုပ်ဆောင်ခဲ့ကြောင်း နူလန်း အား ပြောကြားခဲ့သည်ဟု Daily Mirror သတင်းအရ သိရသည်။

သီရိလင်္ကာသည် နိုင်ငံအားလုံးအတွက် ဤချဉ်းကပ်မှုလမ်းစဉ်နှင့် အညီ လုပ်ဆောင်ခဲ့ပြီး တရုတ်ကို လည်း လုပ်ငန်းစဉ်မှ မဖယ်ထုတ်နိုင်ကြောင်း ပြောကြားခဲ့သည် ဟု သိရသည်။ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ၏ ပြင်ပတွင် ခေါင်းဆောင် ၂ ဦး တွေ့ဆုံခဲ့ကြသည်။

ယမန်နှစ်က သီရိလင်္ကာတွင် ဆိုက်ကပ်ခဲ့သည့် တရုတ်သူလျှိုသင်္ဘော ယွမ်ဝမ် ၅ နှင့် ပတ်သက်၍ ပြည်ပရေးရာဝန်ကြီး အက်စ် ဂျိုင်းရှန်ကာ က “အိန္ဒိယ၏ လုံခြုံရေးနှင့်ပတ်သက်သည့် ကိစ္စ မှန်သမျှသည် ကျွန်တော်တို့အတွက် စိတ်ဝင်စားစရာဖြစ်ကြောင်း ထင်ရှားပါတယ်” ဟု မှတ်ချက် ပြုခဲ့သည်။

“ကျွန်တော်တို့ရဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ ဘာတွေဖြစ်နေလဲ။ ကျွန်တော်တို့ လုံခြုံရေး အပေါ် သက်ရောက်မှုရှိစေတဲ့ ဖြစ်စဉ်တိုင်းဟာ ကျွန်တော်တို့အတွက် စိတ်ဝင်စားစရာပါပဲ” ဟု ၉ ကြိမ်မြောက် အိန္ဒိယ-ထိုင်း ပူးတွဲကော်မရှင် အစည်းအဝေးအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဂျိုင်းရှန်ကာ က ပြောကြားခဲ့သည်။

သီရိလင်္ကာ ဆိပ်ကမ်းတွင် ဆိုက်ကပ်မည့် တရုတ် သုတေသန သင်္ဘောသည် တရုတ်ရေတပ်၏ ရေငုပ်သင်္ဘောဆန့်ကျင်ရေး စစ်ဆင်ရေးအတွက် အရေးပါသည့် သမုဒ္ဒရာကြမ်းပြင်ကို သုတေသန ပြုနိုင်သော သုတေသန သင်္ဘောအဖြစ် ရည်ညွှန်း ထားသောကြောင့် အိန္ဒိယသည် ၎င်း၏ လုံခြုံရေးကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ တရုတ်သုတေသနသင်္ဘောသည် သီရိလင်္ကာနိုင်ငံ ဟမ်ဘန်တိုတာ ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့သည်။