ဖရူဆိုတွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ စစ်ရှောင် ကလေးငယ် သေဆုံး

ဖရူဆိုတွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ စစ်ရှောင် ကလေးငယ် သေဆုံး

ဓါတ်ပုံ-KnHRG

ဂျူချန်း (မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာတွင် စစ်ကောင်စီတပ်ကပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ စစ်ရှောင်ကလေးငယ်တဦးသေဆုံးကာ နေအိမ်ရှစ်လုံးပျက်စီး ခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG)က ယမန်နေ့ အောက်တိုဘာလ ၈ ရက်တွင် ထုတ်ပြန် ထားသည်။

“သူတို့က ဖရူဆိုမြို့ပေါ်ရပ်ကွက်က။ ဒါပေမယ့် ရွာဟောင်းဘက်ကို စစ်ဘေးလာရှောင်ရင်း ထိသွားတာ” ဟု ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး(၂)၊ ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG) ဒါရိုက်တာ ကိုဗညားခွန်အောင်က ပြောသည်။

စစ်ကောင်စီ၏ အမှတ်(၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ အောက်တိုဘာလ ၇ ရက် မွန်းလွဲ ၁ နာရီ ခန့်တွင် ဖရူဆိုမြို့နယ်အနောက်ခြမ်း ဒိုးပရယ်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်လေးလုံး ပစ်ခတ် သဖြင့် နေအိမ်နှစ်လုံးပျက်စီးကာ အသက်ရှစ်နှစ်အရွယ် မောင်ကျော်နိုင်စိုး(ခ) ပရေးရယ် လက်နက်ကြီး ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဆိုသည်။

အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၆ နာရီကျော်တွင်လည်း အဆိုပါ စစ်လေ့ကျင့်ရေးကျောင်းမှ လက်နက် ကြီးဖြင့် ထပ်မံပစ်ခတ်သဖြင့် ဖရူဆိုမြို့အနောက်ခြမ်းရှိ ကျေးရွာတရွာအတွင်းသို့ ကျရောက်ပေါက်ကွဲကာ နေအိမ်ခြောက်လုံးပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ အောက်တိုဘာလ ၅ ရက် ညနေ၅နာရီခန့်တွင် အမှတ်(၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ကျေးရွာတရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၅၀ အရွယ် အမျိုးသမီးတဦး ဦးခေါင်းနှင့် ကျောတို့တွင် ကျည်ထိ မှန်ဒဏ်ရာများရရှိကာ နွားတကောင်သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားသည်။

ထို့ပြင် အောက်တိုဘာလ ၄ ရက်နေ့ ညပိုင်းတွင်လည်း ယင်းစစ်လေ့ကျင့်ရေးကျောင်းမှ ပစ်ခတ်သည့်၁၂၀ မမ လက်နက်ကြီးကျည်ငါးလုံးကျရောက်ပေါက်ကွဲသဖြင့် နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအစပိုင်းတွင် လွိုင်ကော်မြို့မှ မယ်စဲ့မြို့နယ် ပန်းတိန်ဒေသသို့ ဦးတည်ထွက်ခွာလာ သည့် အစီး ၆၀ ခန့်ပါ စစ်ကောင်စီ၏ ရိက္ခာတင်ယာဉ်တန်းသည် ဖရူဆိုမြို့အခြေစိုက် အမှတ်(၁၄) တန်း မြင့်စစ်လေ့ကျင့်ရေးကျောင်းတွင် ရပ်နားကာတပ်စွဲထားပြီး ယခုရက်ပိုင်းတွင် ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ အဆက်မပြတ် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါယာဉ်တန်းမှအချို့သည် လွိုင်ကော်မြို့သို့ ပြန်လည်ဆုတ်ခွာသွားပြီး ကျန်ယာဉ်များသည် ရှေ့ဆက် မတိုးနိုင်သေးဘဲ ယနေ့ အောက်တိုဘာလ ၉ ရက်နေ့အထိ အမှတ်(၁၄) စစ်လေ့ကျင့်ရေးကျောင်းအတွင်း၌ တပ်စွဲထားရာ တိုက်ခိုက်ခံရမည်စိုးသဖြင့် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ် ကြောင်း ဖရူဆိုတွင်တိုက်ပွဲဝင်နေသည့် ဒီးမော့ဆို PDF တပ်ရင်း(၂) တပ်ရင်းမှူးက မဇ္ဈိမကိုပြောသည်။

“ယာဉ်တန်လုံခြုံရေးယူပေးတဲ့ သဘောမှာရှိတယ်လို့မြင်မိတယ်။ ယာဉ်တန်းကတော့ ဆက်မတိုး နိုင်သေးဘူး။ အခုထိ အဲဒီမှာပဲရှိသေးတယ်။ တချို့က လွိုင်ကော်ပြန်တက်သွားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ ဖရူဆိုမြို့အခြေစိုက် အမှတ်(၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်နေသည့် နေရာအနီးဝန်းကျင်ရှိကျေးရွာများတွင် ပြည်သူများ ဆက်လက်နေထိုင်နေ သေး၍ စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်နေခြင်းမှာ ပြည်သူများအား ရန်သူသဖွယ် သတ်မှတ်ကာ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေခြင်းဖြစ်ကြောင်း KNDF က အောက်တိုဘာလ ၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ