မန္တလေးမြို့တွင်းလမ်းမကြီးအချို့ပေါ် ရေလျှံနေ

မန္တလေးမြို့တွင်းလမ်းမကြီးအချို့ပေါ် ရေလျှံနေ

မန္တလေးမြို့တွင်းလမ်းမကြီးအချို့ ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ကို ယနေ့ နံနက်က တွေ့ရစဉ်
Photo/Mizzima

007 (မဇ္စျိမ)။ ။မန္တလေးမြို့တွင် အောက်တိုဘာလ ၇ ရက်မှ၍ မိုးနှစ်ရက်ဆက်တိုက်ရွာသွန်းပြီးနောက် မြို့တွင်းလမ်းမကြီးအချို့ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည်။

မန္တလေးမြို့တွင် အောက်တိုဘာလ ၇ ရက်နေ့ညနေမှစ၍ အောက်တိုဘာလ ၈ရက် နံနက်ပိုင်းအထိ မိုးရွာခဲ့ပြီး မြို့တွင်း အဓိကလမ်းမကြီးများဖြစ်သည့်တောင်မြောက် ၇၃ လမ်းတလျှောက်နှင့်အရှေ့မှ အနောက် လမ်း ၃၀ မှ ၃၈ လမ်းအထိ လမ်းမပေါ် ရေလျှံနေသည်ဟု ဒေသခံများကပြောသည်။

မြို့အရှေ့ဘက် အောင်ပင်လယ်ရပ်ကွက်အတွင်းရှိ လမ်းမကြီးသုံးခုလည်း လမ်းပေါ် ရေလျှံနေကြောင်း သိရသည်။

“ရေက အခုထိပြန်မကျသေးဘူး။ ဒီဘက်မှာ မိုးတအားရွာတိုင်း ရေကြီးရေလျှံဖြစ်နေတာကြာပြီ။ မိုးရွာပြီး နောက်ပိုင်းလည်း ရေကပြန်ကျသွားတယ်လို့ကိုမရှိဘူး။ အောင်ပင်လယ်ဘက်အဆိုးဆုံးပဲ”ဟု ဒေသခံတဦးက ယနေ့ အောက်တိုဘာလ ၉ရက် နေ့လယ်တွင်ပြောသည်။

ရေနစ်မြုပ်မှုဖြစ်နေသည့်နေရာများတွင် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများက မည်သည့်ရှင်းလင်းဆောင်ရွက်မှုမျိုးမှ မပြုလုပ်သည့်အတွက် မိုးရွာပြီး ရက်အနည်းငယ်ကြာသည်အထိ ရေပြန်မကျခြင်းဖြစ်ကြောင်းဒေသခံများကဆိုသည်။

“အဓိကက ရေနှုတ်မြောင်းတွေဗျ။ ဆရာရဲ(NLD အစိုးရလက်ထက် မြို့တော်၀န်ဒေါက်တာရဲလွင်)တို့လုပ်ခဲ့တဲ့ ရေနှုတ်မြောင်းတွေ အခု ဘယ်လိုတွေဖြစ်ကုန်လဲမသိဘူး။ စနစ်တကျမရှိ၊ မလုပ်တတ်မကိုင်တတ်နဲ့ ရေ မြောင်းတွေလည်းပိတ်ဆို့ကုန်တာကနေမိုးရေမစီးဆင်းနိုင်ဖြစ်နေတာ။ မန္တလေးမှာ အရင်က မိုးရွာနေချိန် ရေဘယ်လောက်လျှံလျှံ မိုးတိတ်တာနဲ့မရှိတော့ဘူး။ အခုက မိုးရွာပြီး နှစ်ရက်လောက်အထိက လမ်းပေါ်ရေနစ် နေတုန်းပဲ” ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသည့် မြို့ခံနိုင်ငံရေးစောင့်ကြည့်သူတဦးကပြောသည်။

လက်ရှိတွင်မန္တလေးမြို့၏ရာသီဥတုအခြေအနေသည် မိုးဆက်လက်ရွာသွန်းမည့်အခြေအနေရှိနေသည်ဟု စစ်ကောင်စီ လက်အောက်ခံမိုးလေ၀သနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ ညနေတွင် သတင်းထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ၀န်ကြီးဌာန(MOHADM) က အောက်တိုဘာလ ၉ရက်မှ အောက်တိုဘာလ ၁၅ ရက်အတွင်း မိုးလေဝသအခြေအနေကို ယနေ့ ထုတ်ပြန်ထားရာ အောက်တိုလာလ ၁၂ရက်တွင် မန္တလေးတိုင်းအတွင်း နေရာကွက်၍မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

လတ်တလောတွင် မြစ်ရေမြင့်တက်ခြင်းနှင့် နေရာကွက်၍မိုးကြီးသည့်ဖြစ်စဉ်များကြောင့် ပဲခူးမြို့တွင် လူဦးရေ ၁၀,၀၀၀ ‌ကျော် ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်ရသည်အထိ ရေးဘေးကြုံတွေ့နေသည်။

စာတည်း – အေးချမ်း