စက်သုံးဆီနှင့်ကုန်စည်များ မြန်မာဘက်သို့ ကုန်သွယ်ခြင်းမပြုရန် အိန္ဒိယ၊လောင်တလိုင်ခရိုင်မှ ဩဇာရှိအရပ်ဘက်အဖွဲ့ သတိပေး

အိန္ဒိယဘက်မှ ကုန်စည်များ မြန်မာဘက်သို့ ဝင်ရောက်သည့် ကုန်သွယ်ရေးလမ်း‌ကြောင်းတနေရာအာ တွေ့ရစဉ်

(မဇ္ဈိမ)။ ။အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းမှ စက်သုံးဆီနှင့် စားသုံးကုန်ပစ္စည်းများကို မြန်မာနိုင်ငံဘက်သို့ တင်ပို့ရောင်းချခြင်းမပြုရန် Central Young Lai Association (CYLA )
က သတိပေးချက်ထုတ်ပြန်လိုက်သည်။

လောင်တလိုင်ခရိုင်အတွင်း ဒေသခံလူငယ်များဖြင့် ဖွဲ့စည်းထားပြီး သြဇာအရှိဆုံးအရပ်ဘက်အဖွဲ့ဖြစ်သည့် CYLA က ဧပြီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကောင်စီက ဖြတ်လေးဖြတ်ဖြင့် ဖြတ်တောက်ထားသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းသို့ မီဇိုရမ်ပြည်နယ်မှ စက်သုံးဆီနှင့်လူသုံးကုန်ပစ္စည်းများများကို ပို့ဆောင်ရောင်းချနေကြရာ ဒေသတွင်း၌ ကုန်စည်ပြတ်တောက်မှုဖြစ်ပွားနေကြောင်း လောက်တလိုင်ခရိုင်မှလုပ်ငန်းရှင်တဦးကဆိုသည်။

” အဓိကတော့ ပလက်ဝကိစ္စလည်းပါတာပေါ့နော်။ အရင်က ပလက်ဝမြို့နယ်တခုလုံးစားရိက္ခာအတွက် ကျောက်တော်ကနေ ကုန်စည်တွေကိုတင်သွင်းရတာလေ။အခုကျတော့ ပလက်ဝနယ်တင်မကဘူး။ ရခိုင်ပြည်နယ်ကိုပါ စစ်ကောင်စီကဖြတ်လေးဖြတ်လုပ်တော့ကုန်ပစ္စည်းတွေကို မီဇိုရမ်ကနေလှည့်ပြီး တင်သွင်းနေရတာပေါ့။အဲဒီမှာ စက်သုံးဆီတွေအများအပြားတင်သွင်းကြတော့ မီဇိုရမ်ဖက်မှာလည်း ပစ္စည်းပြတ်တာတွေဖြစ်လာတာပေါ့။ မီဇိုရမ်ဆိုတာကလည်း သူကဗဟိုအစိုးရကိုမှီခိုနေရတာလေ’’ဟု အဆိုပါ လုပ်ငန်းရှင်ကဆိုသည်။

CYLA၏သတိပေးထုတ်ပြန်ချက်တွင် မီဇိုရမ်ပြည်နယ်ထဲရှိ ဒီဇယ်၊ ဓာတ်ဆီနှင့် ကုန်ခြောက်ပစ္စည်းများ အပါအဝင်မရှိမဖြစ်လိုအပ်သည့်ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ပို့ဆောင်နေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်နေကြောင်းပါရှိသည်။

မြန်မာဘက်သို့ ကုန်စည်များကိုတင်သွင်းရာတွင် ဟွန်ဒါစက်လှေများဖြင့်ရေကြောင်းလမ်းမှတင်သွင်းကြသလို ဇိုရမ်ပွီးလမ်းကြောင်းမှလည်း တင်သွင်းကြသည်ဟုသိရသည်။

ပလက်ဝမှမီဇိုရမ်ပြည်နယ်၊ ဇိုရမ်ပွီးအထိ ဖောက်လုပ်ထားသည့် ၆၈ မိုင်ရှည်သောကားလမ်းကို ယခုအခါ အာရက္ခတပ်တော်(AA)ကထိန်းချုပ်ထားသည်ဟု သိရသည်။၂၀၁၇ ခုနှစ်က ဖောက်လုပ်ခဲ့သည့် အဆိုပါလမ်းကို စစ်ကောင်စီကထိန်းချုပ်ထားရာမှ ပလက်ဝဒေသကိုAAက ထိန်းချုပ်ခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစ၍ ယင်းလမ်းပိုင်းကိုလည်း AAက နယ်မြေစိုးမိုးမှုရယူထားကြောင်းဒေသခံများကပြောသည်။

‘’အဲဒီလမ်းတခုလုံးကို AAကထိန်းချုပ်ထားပြီးပြီ။ မီဇိုရမ်က ကုန်စည်တွေကိုကုန်သည်တွေက အဲဒီလမ်းကနေအခုသယ်နေကြတယ်။ AAကိုတော့အခွန်ဆောင်ရတယ်’’ ဟုပလက်ဝဒေသခံတဦးကဆိုသည်။

AAက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ရက်မှစ၍ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ရခိုင်ပြည်နယ်မှ
ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက််ထိန်းချုပ်ထားကြောင်းသိရသည်။

လောင်တလိုင်ခရိုင်ဘက်မှ ကုန်စည်များ ပို့ဆောင်မှုအမှန်တကယ်ကန့်သတ်ခံရပါက ပလက်ဝဒေသအပြင် ဘေးပတ်ဝန်းကျင်မြို့နယ်များ၌ စက်သုံးဆီ၊ ဆေးဝါးနှင့် စားသောက်ကုန် ရရှိနိုင်မှုအခက်အခဲများ ပိုမိုကြုံတွေ့လာနိုင်ကြောင်း ပလက်ဝမြို့ခံအချို့ကပြောသည်။

စာတည်း – အေးချမ်း