နယူးယောက်မြို့မှာ 1962 Ferrari ပြိုင်ကားကို ဒေါ်လာ ၅၁.၇ သန်းဖြင့် လေလံတင်ခဲ့

နယူးယောက်မြို့မှာ 1962 Ferrari ပြိုင်ကားကို ဒေါ်လာ ၅၁.၇ သန်းဖြင့် လေလံတင်ခဲ့

Ref; and Photo: AFP

By PKThawn 1962 Ferrari 250 GTO ပြိုင်ကားတစီးကို ဒေါ်လာ ၅၁.၇ သန်းဖြင့် တနင်္လာနေ့က နယူးယောက်မှာ ရောင်းချခဲ့ပြီး လေလံပွဲမှာ ရောင်းချခဲ့ဖူးသမျှ ဒုတိယဈေးအကြီးဆုံးကားဖြစ်ကြောင်း Sotheby’s က ပြောပါတယ်။

အနီရောင်တောက်တောက် ပြိုင်ကားဟာ လွန်ခဲ့တဲ့ ၃၈ နှစ်က အမေရိကန်စုဆောင်းသူတယောက်ရဲ့ ပိုင်ဆိုင်မှုဖြစ်ခဲ့ပြီး အခုလေလံဈေးကို ၂၀၂၂ က ယူရို ၁၃၅ သန်းထိ ရောက်ရှိခဲ့တဲ့ Mercedes 300 SLR Uhlenhaut Coupe ကသာ ကျော်လွန်ခဲ့ကြောင်း လေလံကုမ္ပဏီက ပြောပါတယ်။ ဒီကနေ့ ငွေလဲနှုန်းနဲ့ဆိုရင် ဒေါ်လာ ၁၄၄ သန်း ရှိမှာဖြစ်ပါတယ်။

250 GTO ဟာ လေလံခန်းမမှာ မိနစ်အနည်းငယ်ကြာ လေလံဆွဲပြီးနောက် တနင်္လာနေ့ညနေပိုင်းမှာ ရောင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် လေလံကုမ္ပဏီရဲ့ ဇိမ်ခံကားလုပ်ငန်းခွဲဖြစ်တဲ့ RM Sotheby’s မှ မျှော်လင့်ထားတဲ့ ဒေါ်လာ သန်း ၆၀ ကျော်ထက် ဈေးနိမ့်ခဲ့ပါတယ်။

Sotheby’s တို့ဟာ အနိုင်ရသွားတဲ့ လေလံဆွဲသူမည်သူမည်ဝါဖြစ်တာကို မဖော်ပြခဲ့ပါဘူး။

၁၉၆၂ မှ စတင်ခဲ့တဲ့ ဂန္တဝင် Scuderia ပြိုင်ကားဟာ ကိုယ်ထည်နံပါတ် ၃၇၆၅၊ လေးလီတာသုံး အင်ဂျင်ဖြင့် ထုတ်လုပ်ထားတဲ့ မြင်းကောင်ရေ ၃၉၀ အားရှိပြီး ၁၉၆၂ မှာ ဂျာမန် Nurburgring ရဲ့ ပတ်လမ်းကြောင်းရှိ ကီလိုမီတာ ၁,၀၀၀ (မိုင် ၆၂၀) ပြိုင်ပွဲမှာ ဒုတိယနေရာမှ ပြီးဆုံးခဲ့ကြောင်း RM Sotheby’s အရ သိရပါတယ်။

အီတလီပြည်မကြီးနဲ့ စစ္စလီမှာ နှစ်အတော်ကြာ ယှဉ်ပြိုင်ခဲ့ပြီးနောက် ဒီပြိုင်ကားကို ၁၉၆၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှာ အမေရိကန်သို့ ကားကို တင်ပို့ရောင်းချခဲ့ပါတယ်။

အိုဟိုင်းယိုးပြည်နယ်က ထင်ရှားတဲ့ စုဆောင်းသူ Jim Jaeger က ရောင်းချခြင်းမပြုခင် ပြန်လည်ပြင်ဆင်မွမ်းမံထားတဲ့ 250 GTO ပြိုင်ကားကို ဆယ်စုနှစ် လေးစုနီးပါး ပိုင်ဆိုင်ခဲ့ပြီး သူဟာ Escort ရေဒါတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကို ပူးတွဲတည်ထောင်သူဖြစ်ပါတယ်။