ဝက်လက်တွင် သံဃာတော်များ ကံဆောင်သပိတ်ပြုလုပ်

ဝက်လက်မြို့နယ်အတွင်းရှိ သံဃာတော်များ ကံဆောင်သပိတ်ပြုလုပ်နေစဉ် / ဓါတ်ပုံ ×ကင်းထောက်မြေပြင်သတင်း – ဝက်လက်

MTO


(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မြို့မတိုက်နယ်တနေရာတွင် သံဃာတော်များစုဝေး၍ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၉ ရက်နေ့က ဝက်လက်မြို့နယ်၊ မြို့မတိုက်နယ်အတွင်းရှိ သံဃာတော်များစုပေါင်း၍ သိမ်တခုတွင် စစ်ကောင်စီကို ကံဆောင်သပိတ်မှောက်ခဲ့ခြင်းဖြစ်ကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

“ပဲခူးဆရာတော်ကြီးကိုသတ်တဲ့ကိစ္စနဲ့ နိုင်ငံအနှံ့မှာရှိတဲ့ သံဃာပေါင်း ၁၀၀ ကျော်ကိုသတ်ဖြတ်ထားတဲ့စစ်တပ်ကို ကံဆောင်သပိတ်ကို ပြုလုပ်တာဖြစ်တယ်လို့ ဆရာတော်တွေက မိန့်ပါတယ်” ဟု ၎င်းကပြောသည်။

ဝက်လက်မြို့နယ်တွင် တိုက်နယ်များအလိုက် ဆရာတော်၊ သံဃာတော်များက ကံဆောင်သပိတ်မှောက်နေကြခြင်း ဖြစ်ပြီး တိုက်နယ်နှစ်ခုအတွင်းမှ သံဃာပေါင်း ၅၀ ကျော် ကံဆောင်သပိတ်မှောက်ခဲ့ခြင်းဖြစ်ကြောင်း ဝက်လက်မြို့ နယ် လူထုသပိတ်တိုက်ပွဲကော်မတီထံမှ သိရသည်။

အလားတူ ဇွန်လ ၂၉ ရက်နေ့ တရက်တည်းမှာပဲ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှ သံဃာတော်များလည်း ကံဆောင် သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း)၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို စစ်ကောင်စီတပ်ကပစ် သတ်ခဲ့မှုအပေါ် မကျေနပ်သည့်သံဃာများမှ မြို့နယ်အလိုက် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်များပြုလုပ်နေကြခြင်း ဖြစ်ပြီး လက်ရှိအချိန်အထိ စစ်ကိုင်းတိုင်းအတွင်း ချောင်းဦး၊ ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ မုံရွာ၊ စစ်ကိုင်း၊ ဘုတလင်၊ ဝက်လက်၊ မြင်းမူ၊ အရာတော်မြို့နယ်များနှင့် မကွေးတိုင်းအတွင်းရှိ မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့ တွင် ကံဆောင်သပိတ်ပြုလုပ်ထားကြောင်း သိရသည်။

စာတည်း။ ။စောဖေ