မိုးကုတ်တွင် လက်နက်ကြီးကြောင့် အရပ်သား ၂၀ နီးပါး ဒဏ်ရာရ

008

(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး လူနေရပ်ကွက်များအတွင်း လက်နက်ကြီးကျခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ၁၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ၁၆ ဦးအနက် သုံးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းလည်း ဆိုသည်။

“မနက် ၈ နာရီလောက်ကနေ ၁ နာရီကျော်ထိ စစ်ကောင်စီတပ်က လေယာဉ် ရှစ်ကြိမ်လောက် လာတိုက်တယ်၊ ကျွန်တော့်ရပ်ကွက်ထဲက နေအိမ်ပေါ် ကျတယ်။ မိသားစု လေးဦးလုံး ဒဏ်ရာရတယ်။ ဖြစ်တာကိုမြင်နေရတယ်။ ဘယ်သူမှ မထွက်ရဲဘူး”

“သွားကူညီဖို့ကိုခက်နေတာ ပစ်တာနည်းငြိမ်မှ ဝိုင်းကူနိုင်တာပဲ။ ဆေးရုံပို့ဖို့လည်း ခက်တယ်။ အဲဒီနားပတ်ချာလည်လည်း ဆော်နေကြတယ်။ လက်ရှိကတော့ ကိုယ်အိမ်ထဲ နေနေရတယ်။ အရှေ့ပိုင်း၊အနောက်ပိုင်းတောင် ဖြတ်လို့သွားလို့ မရဘူး”ဟု လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကျရောက်မှု‌ကြောင့် ရွက်ချရပ်ကွက်တွင် အမျိုးသားတဦး၊ အမျိုးသမီးတဦး၊ အုန်းပင်ရပ်ကွက်တွင် အမျိုးသမီးတဦး၊ ကလေးငယ် နှစ်ဦး၊ ကသဲသူဋ္ဌေးကုန်းရပ်ကွက်တွင် တဦး၊ မြို့မရပ်ကွက်တွင် လေးဦး၊ ရဲစခန်းအနီးနေအိမ်မှ ငါးဦး၊ ကျပ်ပြင်နှင့်‌ ရွှေမြင်းဝန်ရပ်ကွက်တို့မှ တဦး ထိခိုက်ဒဏ်ရာများရရှိထားကြောင်း လူမှုကူညီရေးအသင်း ကောက်ယူထားသော စာရင်းအရ သိရသည်။

ရွက်ချရပ်ကွက်မှ နှစ်ဦးနှင့် အုန်းပင်ရပ်ရွက်မှ သုံးဦးမှာ ယမန်နေ့တွင် ထိမှန်ခြင်းဖြစ်ပြီး ကျန်သူများမှာ ယနေ့ (ဇွန်လ ၂၇ ရက်) ပစ်ခတ်မှုတွင် ထိမှန်ဒဏ်ရာများ ရရှိသွားခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနောက်ပိုင်းက ပြည်သူတွေ ပိတ်မိနေတယ်။ အခုအနေအထားက လုံးဝလှုပ်မရသေးဘူး။ အခု ထိခိုက်စာရင်းက ကျွန်တော်တို့ ပရဟိတအသင်းတွေ ချိတ်ဆက်‌လို့ရထားတဲ့စာရင်း။ လက်ရှိက ဆေးကုဖို့လည်း ခက်တယ်။ ဒီထဲမှာ ပြင်းထန်ဒဏ်ရာနဲ့က သုံးဦးပါတယ်။ သူတို့ကို အနောက်ပိုင်းဆေးရုံမှာ ပို့ထားတယ်။ အဲဒီအခြေအနေလည်း မသိရသေးဘူး။ ဆေးရုံပတ်ချာလည်ကလည်း တိုက်ပွဲဖြစ်နေတယ်”ဟု ထိခိုက်ဒဏ်ရာရသူများအား ကူညီ‌ပေး နေသူတဦးက ပြောသည်။

မွန်းလွဲပိုင်းအထိ အနောက်ပိုင်း ရဲစခန်းအနီးတွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ရဲစခန်းတွင် ရဲတယောက်မှ မရှိတော့ကြောင်း မြို့ခံတဦးကလည်း ပြောသည်။

“ရဲတွေက ထွက်ပြေးပြီး စစ်တပ်နဲ့သွားပေါင်းပြီး ရဲစခန်းပြန်ရဖို့ တိုက်နေတယ်။ အဲဘက်က ပစ်သံမရပ်သေးဘူး။ ကျွန်တော်တို့သိရသလောက်တော့
ဒေါနန်းကြည်တောင်၊ ဗျူဟာကုန်း၊ ရွှေသာယာကုန်း ၊ ပန်းသပြေကုန်းနဲ့ ဖြူရောင်ကုန်းတွေက မနေ့ ၂၆ ရက်ကတည်းက ကျသွားပြီကြားတယ်”ဟု ၎င်းက ပြောသည်။

မိုးကုတ်အနောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေသော်လည်း လတ်တလောတွင် အရှေ့ပိုင်း၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်းသိရသည်။ သို့သော်လည်း မိုးကုတ်အရှေ့ပိုင်းရော အနောက်ပိုင်းပါ အဝင်အထွက်ပိတ်ထားသောကြောင့် ဒေသခံများအနေဖြင့် ဘေးလွတ်ရာ တိမ်းရှောင်ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

“ခက်ခဲတာပေါ့။ မန္တလေးဆင်းပြေးရအောင်ကလည်း လမ်းတွေက ပိတ်ထားတယ်။ ပြည်သူတွေထွက်ခွင့်၊ ရှောင်ခွင့်ရချင်နေကြတယ်။ ကြာရင် စားဖို့ပါခက်မယ်။ အခုတောင် ဈေးကဝယ်မရချင်တော့ဘူး”ဟု ဒေသခံတဦးက ပြောသည်။

မိုးကုတ်တိုက်ပွဲတွင် TNLA ၊ MDY-PDF၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် မိုးကုတ်ဗျူဟာ တပ်ရင်းများဖြစ်သည့် တပ်ရင်း (၁၂၂၁)၊ (၁၂၂၂) ၊ (၁၂၂၃) ၊ (၁၂၂၄) တို့ ပူပေါင်းထိုးစစ်ဆင်တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

ရုပ်သံဖိုင်အညွှန်း- မိုးကုတ်အနောက်ပိုင်း ရပ်ကွက်တခု လက်နက်ကြီး‌ထိမှန်ခြင်းကြောင့် မီးလောင်နေစဉ် (Video- CJ)

စာတည်း။ ။ နောင်နောင်