ကနီမြို့မရဲစခန်းက စစ်ကောင်စီတပ်သား လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်

လွှမ်းမိုး(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့ပေါ်တွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ် ခလရ(၈၇)မှ တပ်သား ဖိုးလပြည့်( တ/၅×××၁၅) သည် လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၆ ရက်နေ့ ညပိုင်း၌ ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ဖြင့် ချိတ်ဆက်၍ CDM ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း KLG PDF ထံမှ သိရခြင်း ဖြစ်သည်။

“ ကနီမြို့ပေါ် စခန်းကနေ စထွက်ထွက်ချင်း ရဲတွေနဲ့ ကျနော် စတင်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ရဲကင်းစခန်းနားကို အီနာဂါ နှစ်လုံးပစ်ပြီး ကျနော် ထွက်ပြေးခဲ့တယ်။ ကျနော်ကို လိုက်ရှင်းတဲ့ စုပေါင်းစပ်ပေါင်း ၁၀ ယောက်နဲ့ နှစ်နာရီနီးပါး ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်။ တရက်ကျော်လောက် အစာရေစာ ငတ်ခံပြီးမှ ကနီနယ်ခံ တယောက်က ချိတ်ဆက်ပေးလို့ ကာကွယ်ရေး တပ်ဖွဲ့တွေဆီ ရောက်ရှိခဲ့တာ ဖြစ်တယ်” ဟု CDM တပ်သားဖိုးလပြည့်က မဇ္ဈိမကို ပြောသည်။

အဆိုပါ တပ်သားသည် MA2 တလက် ၊ ကျည်ဘောက် ငါးခု နှင့် ကျည် ၁၄၀ တို့ဖြင့် ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) တပ်ဖွဲ့ကို ချိတ်ဆက်၍ CDM ပြုလုပ်ခဲ့တာဖြစ်ကြောင်း KLG PDF ထံမှ သိရသည်။

စစ်သက် ရှစ်နှစ်တာအတွင်း အာဏာသိမ်းပြီးနောက် စစ်ဆင်ရေး ထွက်ခဲ့သည့် အခြေအနေများကို CDM တပ်သားက အခုလိုပြောပြပါသည်။

“ ကလေးမြို့ အင်အား ၁၀၀ ကျော်နဲ့ တပ်ထိုင်စဉ်က တာဟန်းဘက်မှာ PDF ထောက်ပို့ လုပ်နေသူတွေ ၊ PDF နဲ့ဆက်စပ်တယ် ထင်သူတွေကို ဒကစ မှူးရဲ့ အမိန့်နဲ့ သွားဖမ်းပြီး စစ်ဆေးတာတွေရှိတယ်။ ဒကစ က စစ်လို့မရတဲ့သူတွေကို တပ်ရင်းတွေ ဆီပို့တယ်။ ကျနော်သိရသလောက် ရိုက်စစ်ရင်း သေဆုံးသွားတဲ့ ပြည်သူ ခုနစ်ယောက်ရှိပါတယ်။

စစ်ဆင်ရေးကာလတွေမှာလည်း ရှမ်းနီနဲ့ ပေါင်းပြီး ဟုမ္မလင်းဘက်က ပင်ခုတ်ရွာက နေအိမ်မီးရှို့ခဲ့တာတွေ ရှိတယ်” ဟု CDM တပ်သား ဖိုးလပြည့်က ဆိုသည်။

အဆိုပါ CDM ပြုလုပ်လာသည့် တပ်သားကို KLG PDF မှ ဆုကြေးချီးမြှင့်မည်ဖြစ်ပြီး ၊ လက်ရှိကာလတွင် တိုက်ပွဲများဆက်တိုက် ဖော်ဆောင်နေရသည့်အတွက် ငွေကြေး အခက်အခဲ ရှိနေကြောင်း KLG PDF ထံမှ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)