ပြည်တွင်းစစ်၌ ကိုယ်ပိုင် လမ်းကြောင်းပေါ်မှာ ရပ်နေသည့် ရာမညတိုင်း

ပုံအညွှန်း – မွန်ပြည်နယ်၊ မော်လမြိုင်မြို့

Nikkei Asia

တချိန်က အရှေ့တောင်အာရှ၌ အကြီးကျယ်ဆုံး လူမှုအသိုက်အဝန်းတွင် ပါရှိခဲ့သည့် မွန်တို့သည် ၎င်းတို့၏ အတိတ်က ဂုဏ်ရည်အချို့အား ပြန်လည်ဖော်ဆောင်နိုင်ရေး ကြိုးပမ်းရင်း မြန်မာဗဟိုအစိုးရကို ၁၉၄၈ ခုနှစ်မှစတင်ကာ တိုက်ပွဲဝင်နေခဲ့သည်မှာ ရာစုဝက်ကြာ ရှိခဲ့သည်။ သို့ရာတွင် လက်ရှိ၌ သွေးစွန်းသော ပြည်တွင်းစစ်တွင် မြန်မာစစ်အာဏာသိမ်းတပ်ကို အခြားသော တိုင်းရင်းသားလူနည်းစုများက တိုက်ခိုက်နေချိန် မွန်တို့က ဘေးပန်းတွင် ရပ်နေတော့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရအား ၂၀၂၁ တွင် စစ်တပ်က ဖြုတ်ချလိုက်ခြင်းကြောင့် မကျေမနပ် ဖြစ်ကြကာ နိုင်ငံ၏ ဗမာလူများစုများမှ အတိုက်အခံအဖွဲ့များနှင့်အတူ ဒါဇင်ကျော်မက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အာဏာသိမ်းစစ်ကောင်စီအား တိုက်ခိုက်လျက် ရှိကြသည်။ မြန်မာစစ်တပ်က စစ်လေယာဉ်များနှင့် လက်နက်ကြီးများ သုံးကာ ကျေးရွာများကို ဖြိုချပြီး ပြည်သူထောင်ပေါင်းများစွာကို သတ်ဖြတ်နေသည့်ကြားမှပင် အတိုက်အခံတို့၏ အတူတကွ တိုက်ခိုက်မှုများက စစ်တပ်၏ သာလွန်အင်အားကို အသေအဆုံး ကြီးကြီးမားမား ဖြစ်ပေါ်စေသည်။

သို့ရာတွင် မွန်တို့သည် တိုက်ပွဲများမှ အများစု အဝေးတွင် ရှိနေသည်။ နိုင်ငံ၏ အရှေ့တောင်ထောင့်တွင် ရှိနေသည့် မွန်တို့သည် ဖက်ဒရယ်စနစ်အောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး သို့မဟုတ် လွတ်လပ်သော မွန်နယ်မြေဆိုသော ပြင်းပြသည့် ဆန္ဒကို လက်မလွှတ်ကြသော်လည်း အများစုမှာ လက်နက်စွဲကိုင်ခြင်းမရှိဘဲ ၎င်းတို့၏ ရည်မှန်းချက်များရရှိအောင် ကြိုးစားကြသည်။ ၎င်းတို့၏ ဦးစားပေး အမြင့်အဆင့်တွင် နှစ်ပေါင်း ၁,၅၀၀ ကျော် အထင်ကရရှိခဲ့သော ယဉ်ကျေးမှု တည်တံ့ခိုင်မြဲရေးပဲ ဖြစ်သည်။ မွန်ယဉ်ကျေးမှုအား နိုင်ငံလူနည်းစုများကို “ဗမာဇာတ်သွင်းရန်” ကြိုးပမ်းသည့် ဗမာများ ကြီးစိုးထားသော မြန်မာအစိုးရက မွန်ယဉ်ကျေးမှုကို ခြိမ်းခြောက်နေသည်ဟု ၎င်းတို့က ဆိုကြသည်။

မွန်ဒေသ၏ အကြီးမားဆုံး နိုင်ငံရေးအဖွဲ့အစည်း မွန်ပြည်သစ်ပါတီ NMSP သည် ၁၉၉၅ ခုနှစ်၌ ယခင် စစ်အစိုးရနှင့် အပစ်ရပ် လက်မှတ်ထိုးပြီးချိန်ကစပြီး အဓိကမဟာဗျူဟာ ရှိထားသည်။ ဗမာဟု သိကြသော နိုင်ငံသည် ၁၉၄၈ ခုနှစ်၌ ဗြိတိန်ထံမှ လွတ်လပ်ရေး ရချိန်မှစကာ ဗဟိုအစိုးရအား မွန်တို့က တိုက်ခိုက်လာခဲ့ခြင်း ဖြစ်ကာ အကြမ်းဖက်မှုများနှင့် ယခု နောက်ဆုံး ပဋိပက္ခ၌ တိုင်းရင်းသား အုပ်စုများ ကြုံတွေ့နေရသည့် အလားတူ နစ်နာမှုများကို ခံစားကြုံတွေ့ထားသည်။

ရည်မှန်းချက်များအား ဆောင်ကြဉ်းရာတွင် စစ်မက်ရေးရာ ထပ်ဖြစ်မည်ဆိုပါက မွန်ပြည်နယ်၏ စီးပွားရေး ကြွယ်ဝမှုများ လျော့ပါးသွားနိုင်သည်ကို မွန်ခေါင်းဆောင်များက စိုးရိမ်ပူပန်ကြသည်။

“လုံလောက်နေပါပြီ၊ ကျွန်တော်တို့အနေနဲ့ အဲဒီအချိန်တွေဆီ ထပ်မသွားချင်တော့ဘူး၊ ကျွန်တော်တို့ ပြည်သူတွေ သေကျေပျက်စီးမှာကို မလိုလားဘူး”ဟု အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ အသင်းအပင်းများ ဖွံ့ဖြိုးရေးကို ရည်ရွယ်သည့် တိုင်းရင်းသား အမျိုးသားရေးရာစင်တာ အမှုဆောင်ဒါရိုက်တာ ဦးပုညမွန်က ပြောသည်။ မွန်တို့ကြားတွင် ထိတ်လန့်ကြောက်မက်ဖွယ် အတိတ်ချိန်များကို မှတ်မိနေဆဲ အသက်ကြီးပိုင်းနှင့် အာဏာမသိမ်းခင် နှစ်အစိတ်ခန့် အေးအေးလူလူ ရှိနေပြီး စစ်ကောင်စီအား တိုက်ခိုက်လိုချင် မရှိကြသည့် လူငယ်တို့ကြား မျိုးဆက်ကွာဟချက် ရှိနေသည်ဟု ၎င်းက မှတ်ချက်ပြုသည်။

“လူငယ်တွေဟာ သူတို့ရဲ့ တသက်တာမှာ သေနတ်သံ မကြားဖူးဘူး”ဟု ၎င်းက ပြောပြီး “သူတို့ရဲ့ ဖုန်းတွေကို သိမ်းယူပြီး အင်တာနက် ဖြတ်တောက်ခံရမယ်ဆိုရင်တော့ သူတို့တွေ တိုက်ပွဲဝင်ကြလိမ့်မယ်”ဟု အရွှန်းဖောက်လျက် ဆိုသည်။

၁၉၉၅ သဘောတူညီချက်အရ မွန်တို့ကို မွန်ပြည်နယ် နယ်မြေများအား သုံးပိုင်းခွဲဝေ သတ်မှတ်ခံရသည်။ ယင်းတွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်က ၎င်းတို့၏ လက်နက်များကို ဆက်လက်စွဲကိုင်ခွင့်ပြုသော နယ်မြေ၊ NMSP က ပညာရေးနှင့် လူမှုဝန်ဆောင်မှုတို့ကို လုပ်ပိုင်ခွင့်ပြုသော နယ်မြေတို့ ဖြစ်သည်။ မွန်ပြည်နယ်အား သေးငယ်သော အပိုင်းများ ခွဲသည့် ထိုဇုန်နယ်မြေတွင် ပြည်နယ်မြို့တော် မော်လမြိုင်အပါအဝင် ကျန်အပိုင်းကမူ အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ဆက်ရှိသည်။ မွန်အဖွဲ့ငယ်လေးများ၏ တံတားများအား ဖောက်ခွဲခြင်းနှင့် အစိုးရတာဝန်ရှိသူများအား လုပ်ကြံသတ်ဖြတ်ခြင်းကဲ့သို့ အသေးစား တိုက်ခိုက်မှုများ ရှိနေလင့်ကစား မွန်ပြည်နယ်သည် ၂၀၂၁ မှနောက်ပိုင်း ဆက်စပ်ပြောရလျှင် ငြိမ်သက်သည်။

အများစုသော မွန်တို့၏ အဆိုအရ အရေးကြီးကောင်း ကြီးနိုင်မည်ဖြစ်သည်မှာ သေးငယ်သော်လည်း မွန်ပြည်၏ ရေခံမြေခံသည် မွန်စကားပြော ပြည်သူ ၁ ဒသမ ၅ သန်းကြား၌ ယဉ်ကျေးမှု၊ ဘာသာစကား၊ သမိုင်းနှင့် မွန်ကိုယ်ပိုင်လက္ခဏာများ ရေရှည်တည်တံ့ရေးကို ခွင့်ပြုပေးထားသည်ဟု ဆိုသည်။ လူသိများသော ဆရာဝန်၊ ပညာတတ်၊ မွန်စစ်ခေါင်းဆောင်၏ မျိုးနွယ် Su-ed Gajaseni ပြောဖူးသည်မှာ “မွန်ဖြစ်ဖို့ နိုင်ငံမလိုဘူး၊ အရေးကြီးတာက ယဉ်ကျေးမှု၊ ဘသာစကားနဲ့ စာအုပ်တွေပါပဲ”ဟူ၍ ဖြစ်သည်။

အပစ်ရပ်ဇုန်များအတွင်း၌ ကျောင်းသားပေါင်း ၁၂,၀၀၀ ကို ပညာသင်ကြားပေးနေသော မူလတန်းနှင့် အလယ်တန်းကျောင်း ၁၄၀ နှင့် အထက်ကျောင်း လေးကျောင်းကို ဖွင့်လှစ်ထားသကဲ့သို့ ၂၀၂၂ တွင် ပထမဆုံး ကောလိပ်ကိုလည်း ဖွင့်လှစ်ခဲ့သည်။ မွန်အမျိုးသားကောလိပ်၏ ကျောင်းအုပ်ကြီးဖြစ်သော ပုညမွန်သည် ကလေးဘဝက ၎င်း၏ ရွာကို စစ်တပ်က တိုက်ခိုက်ရာမှာ ရှင်သန်လွတ်မြောက်ခဲ့သူ ဖြစ်သည်။ အမေရိကန်သို့ ဒုက္ခသည်အဖြစ် ခိုလှုံရောက်ရှိပြီး နိုင်ငံရေးသိပ္ပံဖြင့် ဒေါက်တာဘွဲ့ ရသော်လည်း ၎င်းတို့ မွန်လူမျိုးများကို ကူညီရန် ပြန်လာခဲ့ခြင်း ဖြစ်သည်။

ကောလိပ်က ကျောင်းသား ၃၀၀ ကို ပညာရေး၊ အစုအဖွဲ့ စီမံခန့်ခွဲရေး၊ သူနာပြုအတတ်နှင့် မွန်ဘာသာတို့အပါအဝင် ဘာသာ ခုနစ်ရပ်ကို သင်ကြားပေးနေကြောင်း လခစားမဟုတ်သော ကျောင်းအုပ်ကြီးက ပြောသည်။ အင်္ဂလိပ်စာကိုလည်း လိုအပ်၍ သင်ကြားပေးသည်။ အမေရိကန်ကောလိပ်ငယ်များကို စံနမူနာထား၍ မွန်ကောလိပ်အတွက် အမေရိကန်ရှိ မွန်လူမျိုး ၃,၀၀၀ အပါအဝင် ပြည်ပရောက် မွန်များက အများစု ထောက်ပံ့ကြသည်။ ကျောင်းအုပ်ကြီးသည် ထိုင်းက တက္ကသိုလ်များနှင့် ၎င်း၏ အမေရိကန် မိခင်ကောလိပ်ဖြစ်သော Indiana University နှင့်လည်း ချိတ်ဆက်ထားသည်။

ထီးထီးမားမား ထွက်ပေါ်လာခဲ့ပြီဖြစ်သော အဆိုပါ မွန်ကောလိပ်၏ ဒွန်တွဲရည်မှန်းချက် နှစ်ရပ်မှာ ကျောင်းသူကျောင်းသားများအား အလုပ်အကိုင်ဈေးကွက်သို့ ဝင်ရောက်ကာ အောင်အောင်မြင်မြင် ရှိစေရေးနှင့် မွန်တို့၏ အစဉ်အလာ အမွေအနှစ်များအား သိရှိနားလည်ကာ ဂုဏ်ယူနိုင်ရေးတို့ ဖြစ်သည်။

မွန်တို့သည် ကုန်းတွင်း အရှေ့တောင်အာရှ၏ ကြီးမားသော ဒေသများကို နှစ် ၁,၀၀၀ ကျော် စိုးမိုးထားခဲ့သည်။ ထိုင်းအလယ်ပိုင်း၌ မွန်တို့၏ အခြေစိုက်မှုသည် ၆ ရာစုခန့်က ဖြစ်ပြီး ယင်းကာလ၌ မွန်တို့သည် စာပေဘာသာစကား သုံးစွဲလျက် ရှိနေပြီ ဖြစ်သည်။ အိန္ဒိယမှ မွန်တို့ သင်ယူခဲ့သော ထေရဝါဒ ဗုဒ္ဓဘာသာသည် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုတွင် အဓိကဘာသာအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။

၁၁ ရာစုနှင့် ၁၂ ရာစုတွင် စစ်ပွဲ၌ ဗမာတို့က မွန်တို့အား အနိုင်ရပြီး မွန်တို့၏ အနုပညာ၊ ဗိသုကာပညာ၊ ဥပဒေ၊ နိုင်ငံရေးနှင့် ဘာသာရေးတို့ကို သိမ်းသွင်းခဲ့သည်။ မွန်ဗိသုကာပညာရှင်များနှင့် လက်မှုပညာရှင်များသည် ကမ္ဘာ့အံ့ဖွယ်တပါးဖြစ်သော ပုဂံဘုရားစေတီ ၂,၀၀၀ ကျော်နှင့် မြန်မာနိုင်ငံ၏ စံပြယုဂ်ဖြစ်သော ရန်ကုန်ရှိ အံ့ချီးဖွယ် ရွှေတိဂုံစေတီတော် တည်ထားမှုတွင် ကူညီပါဝင်ခဲ့ကြသည်။

ထိုင်းနိုင်ငံ၌ မွန်ဘုန်းကြီးကျောင်း ၂၀၀ ဝန်းကျင် ရှိနေတုန်းဖြစ်သော်လည်း တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုများနှင့် ဘာသာစကားတို့က သိသိသာသာ ကျဆင်းနေရာ ထိုင်းအသိုက်အဝန်းအတွင်း ရောနှောပျောက်ကွယ်သွားမည်ကို စိုးရိမ်ပူပန်မှုများ ရှိနေသည်။

မွန်တို့၏ ရွှေခေတ်သည် ဗမာဘုရင် အလောင်းဘုရားက မွန်နောက်ဆုံးမင်းဆက်ကို စစ်နိုင်ခဲ့သည့် ၁၇၅၇ ခုနှစ်တွင် အဆုံးသတ်သွားခဲ့ရသည်။ ခေတ်တိုင်း၊ အချိန်တိုင်း၌ တော်လှန်ပုန်ကန်မှုများ ပေါ်ပေါက်သော်လည်း ရက်ရက်စက်စက် နှိမ်နှင်းခံရကာ ထိုင်းနိုင်ငံသို့ ဒုက္ခသည်လှိုင်းများ စီးဝင်ခဲ့တော့သည်။

“မွန်အမျိုးသားရေးဟာ ရွှေခေတ်အဖြစ် ရှေးအတိတ်ကို ပြန်ပြောင်းတွေးတောစရာ ရှိနေတယ်၊ ဒါပေမဲ့ သမိုင်းဝင် မွန်တွေရဲ့ ကိုယ်ပိုင်လက္ခဏာတွေဟာ ဗမာနဲ့ ထိုင်းလူများစုအတွင်း သွတ်သွင်းရောနှောခံရခြင်းကနေ ကာကွယ်ဖို့အတွက် ရုန်းကန်နေရတယ်”ဟု မြန်မာတိုင်းရင်းသားလူနည်းစုများဆိုင်ရာ ပညာရှင် အက်ရှလေဆောက်က ၎င်း၏ “Mon Nationalism and Civil War in Burma” စာအုပ်တွင် ရေးသားသည်။

၁၈၂၄ မှစကာ ၁၉၄၈ တွင် အဆုံးသတ်သွားသော မြန်မာနိုင်ငံအား ဗြိတိန်၏ ကိုလိုနီပြုသည့် ကာလအတွင်း၌ တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ဝိသေသများကို အားပေးမြှင့်တင်ခဲ့ရာ ၁၉၃၀ ခုနှစ်များ၌ မွန်အမျိုးသားရေး အဖွဲ့အစည်းကို ဖွဲ့စည်းဖြစ်စေပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးများ၏ လုံလစိုက်ထုတ်မှု အများစုဖြင့် မွန်ဘာသာစကားသည် ဆက်လက်ရှင်သန်ခဲ့သည်။

မွန်များသည် မြန်မာကုန်းမြင့်များ၌ နေထိုင်ကြသော အများစုသော အခြား လူနည်းစုတိုင်းရင်းသားများထက် ဗမာတို့နှင့် ပိုပြီး ရောရောနှောနှော ရှိရာ ဗမာအသိုင်းအဝန်းအတွင်းသို့ ပိုပြီး အလွယ်တကူ ပေါင်းစပ်နိုင်သည်ဟု အက်ရှလေဆောက်က မှတ်ချက်ပြုသည်။ သို့ရာတွင် မွန်တို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ အစဉ်အလာများသည် အားကောင်းစွာ ကျန်ရှိနေဆဲ ဖြစ်သည်။

၁၉၉၅ အပစ်ရပ် မတိုင်ခင်က စစ်အာဏာရှင် နေဝင်း၏ အစိုးရသည် မွန်တို့အပေါ် ရက်စက်ပြင်းထန်သော ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။ စာသင်ကျောင်းများတွင် ဘာသာစကား သင်ကြားခြင်း၊ မွန်ရိုးရာဝတ်စုံ ဝတ်ဆင်ခြင်းနှင့် နောက်ဆုံး မွန်ဘုရင့်တိုင်းပြည် ထူထောင်မှု အထိမ်းအမှတ်အဖြစ် နှစ်စဉ် ပြုလုပ်သော မွန်အမျိုးသားနေ့ ကျင်းပခြင်းများကို တားမြစ်ခံကြရသည်။ “ဒီနောက်မှာ ဗမာလွှမ်းမိုးမှုကို စနစ်တကျ ဖော်ဆောင်လာတယ်”ဟု ပုညမွန်က ပြောသည်။ “ဒါဟာ ခုချိန်ထိ ရှိနေသေးပေမယ့် ပုံစံတော့ ကွဲသွားပြီ၊ ပိုပြီး တသီးပုဂ္ဂလ ဆန်လာသလို မွန်ယဉ်ကျေးမှုတွေ ရောနှောခံရတာက သိမ်သိမ်မွေ့မွေ့နဲ့ ရှိနေတုန်းပဲ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

၁၉၉၅ ခုနှစ်အထိ မွန်တို့တွင် ရွေးချယ်စရာ နည်းပါးသော်လည်း အပစ်ရပ် သဘောတူညီချက် ရရှိခဲ့သည်။ NMSP ၏ လက်နက်ကိုင်အဖွဲ့တွင် တိုက်ခိုက်ရေးသမား အများဆုံး ၂,၅၀၀ ရှိနေပြီး ဆိုးဆိုးဝါးဝါး လက်နက် လိုအပ်နေသည်။ ပါတီအနေဖြင့်လည်း ငြိမ်းချမ်းရေးပဋိညာဉ်တွင် လက်မှတ်ထိုးရန် ထိုင်းမှ ဖိအားများ ကြီးထွားလာသည်ကို ရင်ဆိုင်ရ၍ မွန်ပြည်နယ်၏ သဘာဝသယံဇာတများမှာ ကိုယ်ကျိုးရှာ အမြတ်ထုတ်နိုင်ခြေ ဆိုက်နေတော့သည်။

၂၀၂၁ မှစကာ NMSP သည် စစ်ကောင်စီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုများ ရှိခဲ့သော်လည်း စစ်ကောင်စီ၏ တရားဝင်မှုကို အသိအမှတ်မပြုဘဲ ပြည်တွင်းစစ် အဆုံးသတ်ရေး ခြေလှမ်းအဖြစ် အရေးကိစ္စများ ဆွေးနွေးရေးကို စားပွဲဝိုင်းပေါ် အတိုက်အခံ အုပ်စုအားလုံး မရောက်မချင်း ငြင်းပယ်ထားသည်။ ထိုသို့သော အတိုက်အခံအုပ်စုများတွင် လက်ရှိ ထောင်ကျနေသော ဒေါ်အောင်ဆန်းစုကြည် တချိန်က ဦးဆောင်ခဲ့သည့် NLD ပါတီ၊ အာဏာသိမ်းသည့်နောက် ပေါ်ထွက်လာသော NUG အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားလူနည်းစုအုပ်စုများ ပါဝင်သည်။

NMSP အနေဖြင့်လည်း ပြည်ပရောက် မွန်အများစု၏ ပို၍ ပြင်းပြင်းထန်ထန် ရပ်တည်ရန် ဖိအားပေးခြင်းက တဖက်၊ ကျန်တဖက်က စစ်ပွဲအတွင်း ပါဝင်ခြင်းကို ရှောင်ကြဉ်ရန် တောင်းဆိုခြင်းက တဖက်၊ ထို နှစ်ဖက်ကြား၌ နိုင်ငံရေး ကြိုးတန်းလျှောက်နေရသည်။ ထိုင်းနိုင်ငံကလည်း မွန်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်လျှင် ဒုက္ခသည်များ နောက်ထပ် စီးဝင်လာမည်ကို ပူပန်လျက် လက်နက်ကိုင်စွဲမှုကို ဆန့်ကျင်ကန့်ကွက်ထားသည်။

တိုင်းရင်းသား လူနည်းစုများကဲ့သို့ပင် မွန်တွင်လည်း ဂိုဏ်းဂဏ ကွဲခြင်းများ ရှိနေပြီး စစ်အစိုးရဘက် ပင်းသော မွန်ညီညွတ်ရေးပါတီ MUP လည်း ရှိထားသည်။ သို့ရာတွင် MUP အခြေခံလိုအပ်ချက် ဖြစ်လာမည့် ဗဟိုအစိုးရတွင် အာဏာရထားခြင်းတော့ ရှိမနေပေ။

၁၉၉၅ အပစ်မရပ်ခင် နှစ်အတန်ကြာက ထိုင်းနှင့် မွန်ပြည်နယ်ကြားရှိ အဓိကနယ်စပ်ဖြတ်သန်းမှတ် ဘုရားသုံးဆူအနီးက မွန်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် နိုင်နွန်လာက “ကျွန်တော်တို့ချည်းပဲဆို အောင်ပွဲရမှာ မဟုတ်ဘူး၊ လူနည်းစုတွေအားလုံး စည်းလုံးညီညွတ်မှ ဖြစ်မယ်”ဟု ပြောသည်။ မွန်၊ ကရင်၊ ကချင်နှင့် အခြား လူနည်းစုတိုင်းရင်းသားများက ၎င်းတို့၏ ဒေသများမှ ဗမာဗဟိုချက်မဒေသဆီ စီးဝင်ပြီး ဗဟိုအစိုးရကို ဖြုတ်ချကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်ရေးတို့ ရရှိလိမ့်မည်ဟု ၎င်းက စိတ်အားထက်သန်စွာဖြင့် အနာဂတ်ကို ပုံဖော်ပြောဆိုသည်။

နောက်ပိုင်း ဆယ်စုနှစ် သုံးစု ကျော်လာသည့်တိုင် ထို ရည်မှန်းချက်များသည် မှုန်ဝါးနေဆဲပဲ ဖြစ်ပြီး မြန်မာနိုင်ငံ၏ နယ်မြေအများစုတွင် သေနတ်သံများ ညံနေဆဲပဲ ဖြစ်တော့သည်။

(Nikkei Asia သတင်းဌာနတွင် ဖော်ပြသော “Mon forge their own path in Myanmar’s civil war” ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြခြင်း ဖြစ်ပါသည်။)

(မိုးသဲ ဘာသာပြန်သည်။)