‘အကျင့်ပျက်သော’ မူအစ်ဇူ ပြုတ်ကျခြင်းက မော်လ်ဒိုက်၌ တရုတ်ဩဇာ အဆုံးသတ်သွားနိုင်

ပေကျင်းတွင် ရှီကျင့်ဖျင်အား မူအစ်ဇူ တွေ့ဆုံစဉ်

Express

ယခု သီတင်းပတ် ရုံးပိတ်ရက်၌ မော်လ်ဒိုက်နိုင်ငံက လွှတ်တော်ရွေးကောက်ပွဲများတွင် အတိုက်အခံပါတီများ အနိုင်ရသွားမည်ဆိုပါက တရုတ်အနေဖြင့် မော်လ်ဒိုက်နိုင်ငံ၌ ၎င်း၏ ဩဇာ တစစ လျော့ပါးသွားမည်ကို တွေ့မြင်ရဖွယ် ရှိနေသည်။

လွှတ်တော်နေရာ ၉၃ နေရာအတွက် အဆုံးအဖြတ်ပေးမည်ဖြစ်သော မဲပေးမှုသည် သောကဝိုင်းနေသော သမ္မတ မိုဟာမတ် မူအစ်ဇူက လက်ရှိ၌ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ၌ ငြိစွန်းပတ်သက်နေပြီး လွန်ခဲ့သော ငါးလ အာဏာရချိန်မှစကာ ညွှန့်ပေါင်းမိတ်ဖက်များ၏ ထောက်ခံမှု ဆုံးရှုံးနေသည့် အရေးကြီးသော အချိန်အခါတွင် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

လူဦးရေ သန်းဝက်သာ ရှိသော်လည်း အိန္ဒိယသမုဒ္ဒရာ ကျွန်းစုနိုင်ငံ မော်လ်ဒိုက်သည် တောင်အာရှနိုင်ငံများမှ အိန္ဒိယအား အထီးကျန်အောင် တရုတ်၏ ကျယ်ပြန့်သော မဟာဗျူဟာအတွက် အရေးပါသော နိုင်ငံဖြစ်သည်။

မူအစ်ဇူမှာ အိန္ဒိယ၏ ဩဇာလွှမ်းမိုးမှု ယုတ်လျော့သွားအောင် ကြိုးပမ်းအားထုတ်မှုအဖြစ် “India Out” ဆိုပြီး မဲဆွယ်စည်းရုံးခဲ့ကာ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲ၌ ပွတ်ကာသီကာ အနိုင်ရခဲ့ပြီးနောက် ကျွန်းနိုင်ငံကို တရုတ်နှင့် ဆက်ဆံရေးအား ပို၍ ထွေးရောယှက်တင် ဆက်ဆံခြင်းဖြင့် ယိမ်းထိုးသော မဟာဗျူဟာ အပြောင်းအလဲတရပ်ကို ဖော်ဆောင်ခဲ့သည်။

အရေးကြီးသည်မှာ အသက် ၄၃ နှစ်အရွယ် မြို့တော်ဝန်ဟောင်းဖြစ်သူ မူအစ်ဇူသည် တရုတ်သို့ မကြုံစဖူး ခရီးစဉ်အတွင်း တရုတ်နှင့် နားလည်မှုစာချွှန်လွှာပေါင်း ၁၈ ခုအထိ လက်မှတ်ရေးထိုးခဲ့သည်။ ထို တရုတ်ခရီးစဉ်ကို အိန္ဒိယသို့ အစဉ်အလာအားဖြင့် သွားရောက်ရမည့် လုပ်ငန်းစဉ်ကို ဖျက်သိမ်း၍ သွားရောက်ခဲ့ခြင်းဖြစ်ကာ ယင်းအတွက် တရုတ်၏ နိုင်ငံခြားအကူအညီ ပေါင် သန်း ၁၂၀ ဆုလာဘ် ရရှိခဲ့သည်။

မူအစ်ဇူသည် နိုင်ငံအတွက် တရုတ်၏ ဆောက်လုပ်ရေးစီမံကိန်းများ၏ စရိတ်စကကို စိုးရိမ်ပူပန်သော သမ္မတဟောင်း အီဘရာဟင် မိုဟာမတ် ဆိုလစ်ရှ်ကို အနိုင်ရပြီး အာဏာရလာခြင်း ဖြစ်သည်။

တရုတ်ကြွေးမြီ ပေါင် ၁ ဒသမ ၃ ဘီလီယံ တင်ရှိနေပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကလည်း တောင့်ခံနိုင်လိမ့်မည်မဟုတ်ဟု သတိပေးချက် ရှိသည့်ကြားမှပင် သမ္မတ မူအစ်ဇူသည် တရုတ်၏ မယုံစားရသော ရပ်ဝန်းနှင့် လမ်းပိုင်း စီမံကိန်းကြီး၌ ပါဝင်သည့် ပထမဆုံး တောင်အာရှနိုင်ငံအဖြစ် ရပ်တည်မှုကို အရှိန်မြှင့်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့သည်။

တရုတ်၏ မဟာဗျူဟာများအနက် တခုမှာ အိန္ဒိယနှင့် ပိုင်နက်နယ်မြေ အငြင်းပွားနေသည့်ကြား၌ ၎င်း၏ တည်ရှိမှု အားကောင်းအောင် အိန္ဒိယနယ်စပ်နိုင်ငံများဖြစ်သော မော်လ်ဒိုက်၊ သီရိလင်္ကာနှင့် နီပေါတို့နှင့် ပိုမို ပူးပေါင်းဆောင်ရွက်မှုကို အရဖော်ဆောင်ရန် ဖြစ်ကြောင်း သုတေသီများက ဆိုသည်။

ယင်းအခြေအနေတွင် မော်လ်ဒိုက်အား စစ်ရေးအကူအညီ အခမဲ့ပေးရေးကို ကတိကဝတ်ပြုသည့် တရုတ်နှင့် ကာကွယ်ရေး သဘောတူညီချက်တရပ်ကို ပြီးခဲ့သည့်လ၌ သမ္မတ မူအစ်ဇူက လက်မှတ်ရေးထိုးပြီး အပြန်အလှန်ဆက်ဆံရေး ခိုင်မာအားကောင်းမှုကို အနားကွပ်ခဲ့သည်။

မူအစ်ဇူသည် နိုင်ငံမှ အိန္ဒိယတပ်ဖွဲ့ဝင်အားလုံးကို နှင်ထုတ်ရေး ၎င်း၏ ကတိကို ရှေ့တိုးဖော်ဆောင်ခဲ့လင့်ကစား အားနည်းနေပြီဖြစ်သော ၎င်း၏ အခြေအနေအရ အပေးအယူကို ပြသရန် အိန္ဒိယအရပ်သားများအား ၎င်းတို့၏ အခန်းကဏ္ဍ၌ ဆက်ရှိရေးကို လက်ရှိတွင် သဘောတူထားသည်။

အိန္ဒိယနှင့် မော်လ်ဒိုက်ကြား တင်းမာသော သံတမန်ဆက်ဆံရေးကြောင့် ရလဒ်အဖြစ် အိန္ဒိယခရီးသွားလုပ်ငန်းတွင် ၄၀ ရာခိုင်နှုန်း ကျဆင်းသော်လည်း မူအစ်ဇူက တရုတ်ဧည့်သည်များဖြင့် ကျဆင်းနေသော ဝင်ငွေကို သန်းပေါင်းများစွာ ဖြည့်ဆည်းရန် မျှော်လင့်ထားသည်။

သို့ရာတွင် သမ္မတ မူအစ်ဇူ၏ ရာထူးဆုပ်ကိုင်ထားသော အချိန်သည် “ကုန်ခမ်းနေပြီ”ဖြစ်ကြောင်း အတိုက်အခံခေါင်းဆောင်များက ပြီးခဲ့သည့်ညတွင် ပြောသည်။

ဘဏ္ဍာရေးစုံစမ်းစစ်ဆေးမှုဌာန FIU နှင့် မော်လ်ဒိုက်ရဲဌာနတို့၏ ပေါက်ကြားလာသော မှတ်တမ်းများတွင် ၂၀၁၈ ခုနှစ်အတွင်း အလွဲသုံးစားလုပ်ခြင်း၊ အစီအစဉ်တကျ အရောင်းအဝယ်ပြုခြင်းနှင့် ရန်ပုံငွေရင်းမြစ်ကို ဖုံးကွယ်ရန် ကော်ပိုရိတ်အဖွဲ့အစည်းများအား အသုံးချခြင်း အပါအဝင် အကျင့်ပျက်ခြစားမှု အနည်းဆုံး ၁၀ မှုနှင့် သမ္မတ မူအစ်ဇူက ပတ်သက်နေကြောင်း စွဲဆိုထားသည်။

တင်းမာမှုများသည် မူအစ်ဇူက ၎င်း ဆက်ခံသည့် သမ္မတဟောင်း အဒူလာ ယာမန်းကို ပြန်လွှတ်ပေးရန် ငြင်းပယ်ခြင်းကြောင့် တိုးမြင့်လာရကြောင်း အတိုက်အခံများက ပြောသည်။ ယာမန်းသည် ပုဂ္ဂလိကကုမ္ပဏီတခုမှ မသမာငွေကြေးကို လက်ခံမှုနှင့် ဆက်စပ်သည့် ငွေကြေးခဝါချမှုဖြင့် ၂၀၂၂ အတွင်း ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရခြင်း ဖြစ်သည်။

မည်သည့်အမှားမျှ မကျူးလွန်ကြောင့် ယာမန်းက ငြင်းဆန်ပြီး ၎င်း၏ အကျဉ်းစခန်းမှနေ၍ အတိုက်အခံအတွက် ဦးဆောင်ခဲ့ပြီး People’s National Front(PNF) ပါတီသစ်ကို ရှေ့ဆောင်ခဲ့သည်။

မော်လ်ဒိုက်၏ လက်ရှိ တရုတ်လိုလားသော မဟာဗျူဟာကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကြောင့် ယာမန်းအား ထောက်ခံသူနှင့် ဆွေမျိုးများကို ဖမ်းဆီးရန် မူအစ်ဇူက အမိန့်ထုတ်လာသည်။

ယင်းသို့သော လုပ်ရပ်သည် မူအစ်ဇူအတွက် ညွှန့်ပေါင်းမိတ်ဖက်များနှင့် ဆက်ဆံရေးကို ထိခိုက်မှုဖြစ်စေကြောင်း နည်းပညာဝန်ကြီးဟောင်း မိုဟာမတ် မာဟစ်ရှ် ဂျာမယ်က ဆိုသည်။

“ပြီးခဲ့တဲ့နှစ်က သူ့ကို ကျွန်တော်တို့ ထောက်ခံခဲ့တယ်၊ ဒါပေမဲ့ သူဟာ သံလက်သီးခေါင်းဆောင်တဦး ဖြစ်လာပြီး လွတ်လပ်စွာစုရုံးခွင့်နဲ့ ဆန္ဒပြခွင့် ဒီမိုကရေစီ အခွင့်အရေးတွေကို ဖိနှိပ်လာခဲ့တယ်”ဟု လက်ရှိ၌ People’s National Front ပါတီ၏ အထွေထွေအတွင်းရေးမှူး ဂျာမယ်က ပြောသည်။

“အကျဉ်းထောင်ကနေ သမ္မတ ယာမန်းကို လွှတ်ပေးမယ်ဆိုတဲ့ ကတိလည်း သူ ပျက်တယ်၊ ဒါဟာ သူကို ထောက်ခံတဲ့ အုတ်မြစ် ပြိုလဲတာပဲ”ဟု ၎င်းက ဆိုသည်။

လက်ရှိ ငွေကြေးခဝါချမှု စွဲချက်များကြောင့် သမ္မတ မူအစ်ဇူအနေဖြင့် ခေါင်းဆောင်မှုအတွက် “မထိုက်တန်” ကြောင်း ဂျာမယ်က ပြောသည်။

“ဒီ သီတင်းပတ်ကုန် ရွေးကောက်ပွဲတွေအပြီး သူသာ အများစု ထောက်ခံမှု မရဘူးဆိုရင် ရွေးကောာက်ပွဲသစ်တွေ ကျင်းပဖို့ အချိန်ပဲလို့ ကျွန်တော်တို့ လူသိရှင်ကြား ပြောထားပါတယ်”ဟု ၎င်းက ဆိုသည်။

“ငွေကြေးခဝါချမှုမှာ သူပါဝင်နေတဲ့ သက်သေတွေဟာ ခိုင်ခိုင်လုံလုံ ရှိတယ်၊ သူ့အနေနဲ့ ခေါင်းဆောင်ဖို့အတွက် တကယ် မသင့်တော့ဘူး”

“ကျွန်တော်တို့ အခြားပါတီတွေနဲ့ စုစည်းနေတယ်၊ သမ္မတ မူအစ်ဇူကို ပြစ်တင်စွဲဆိုဖို့ မဲပေးရာမှာ လိုအပ်တဲ့ သုံးပုံနှစ်ပုံ အများစုကို ကျွန်တော်တို့ ရရှိမှာပါ၊ သူ့ကို ကျွန်တော်တို့ စွပ်စွဲပြစ်တင်ရမှာပါ”

“မူအစ်ဇူဟာ ကျွန်တော်တို့ စီးပွားရေးကို ကောင်းအောင် မလုပ်နိုင်ဘူး၊ သူဟာ ကျွန်တော်တို့ကို အကြွေးထဲ ဆွဲနှစ်နေတာ ဖြစ်တယ်”ဟု ၎င်းက ထပ်လောင်းပြောသည်။

“ပြီးတော့ သူဟာ သံတမန်ရေးနဲ့ နိုင်ငံခြားဆက်ဆံရေးတွေမှာ အရင်က အတွေ့အကြုံ မရှိသူဆိုတာ ကျွန်တော်တို့ အားလုံး သိထားပြီးပါပဲ၊ ကျွန်တော်တို့ နိုင်ငံက တန်ဖိုး ပေးဆပ်ရပေမယ့် တရုတ်က အပြည့်အဝ အကျိုးအမြတ် ထုတ်ယူနေတယ်”

“သူ့မှာက နိုင်ထက်စီးနင်း နည်းဗျူဟာတွေပဲ ရှိပြီး ဒါကြောင့်ပဲ သူ့ကို ယုံကြည်မှု အများအပြား ဆုံးရှုံးစေတာပဲ”

“ကျွန်တော်တို့အနေနဲ့ အိန္ဒိယဆီ ဦးတည်ရာပြောင်းဖို့နဲ့ ကျွန်တော်တို့ နိုင်ငံရေး တည်ငြိမ်မှု ပြန်ရရေးအတွက် လိုအပ်တယ်၊ ဒါဖြစ်လာဖို့ မူအစ်ဇူ ထွက်သွားရလိမ့်မယ်”ဟု ၎င်းက ဖြည့်စွက်ဆိုသည်။

ဒေသရေးရာ ပညာရှင် ဂျိုနက်ကာပလန်က “အတိုက်အခံတွေ မျှော်လင့်ထားတာက မဲသုံးပုံနှစ်ပုံ ရဖို့ပါ၊ ဒါမှပဲ မူအစ်ဇူကို စွပ်စွဲပြစ်တင်နိုင်မှာ ဖြစ်တယ်”ဟု ဆိုသည်။

“မူအစ်ဇူဟာ သူ့ကို စွပ်စွဲပြစ်တင်ချိန်အထိတော့ အထူးအာဏာ ရှိနေဦးမှာပဲ၊ ဒါပေမဲ့ ဒီ ဖိအားတွေကို အိန္ဒိယဟာ မော်လ်ဒိုက်ရဲ့ အနီးကပ်ဆုံး မဟာမိတ်အဖြစ် ဆက်ရှိမယ်ဆိုပြီး ပြောဆိုတာမျိုးတွေ လုပ်လာပြီး တုံ့ပြန်လာဖွယ် ရှိတယ်”ဟု ၎င်းက ပြောသည်။

“အမှန်တော့လည်း မော်လ်ဒိုက်အတွက်က တရုတ်ရော အိန္ဒိယပါ လိုအပ်ပါတယ်၊ ဒီနှစ်နိုင်ငံ ဒေသတွင် အကြီးဆုံး နိုင်ငံတွေ ဖြစ်လာတာကြောင့်ပါပဲ”ဟု ၎င်းက ထပ်လောင်းပြောခဲ့သည်။