သိန္နီမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေဆုံး

ဒီဇင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပျက်စီးသွားသောအရပ်သားနေအိမ်များ/ဓာတ်ပုံ – ပေးပို့

ဓါတု

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့တွင် စစ်ရေးပစ်မှတ်မဟုတ်သည့်အရပ်သားနေအိမ်များပေါ်သို့ စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်ပြီး လေကြောင်းမှပါဗုံးကြဲတိုက်ခိုက်ရာ အရပ်သားသုံးဦးသေဆုံး၍ နေအိမ်အဆောက်အအုံ ၁၀ လုံးထက်မနည်းပျက်စီးသွားကြောင်းဒေသခံများကပြောသည်။

သိန္နီမြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်မဟာ(၁၆)မှ ဒီဇင်ဘာလ ၂၂ ရက်​ နေ့နှင့် ၂၃ရက်တွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး လေကြောင်းမှာလည်း တိုက်ခိုက်ခဲ့သည်ဟုစစ်ဘေးရှောင်များအားကူညီနေသည့် မြို့ခံလူငယ်တဦးက မဇ္စျိမကိုပြောသည်။

” မနေ့ညထိ လက်နက်ကြီး ပစ်တုန်း။ ရွာနီးစပ်ချုပ်နဲ့ လယ်ကွင်းထဲ ကျတုန်းပါပဲ။ဒီနေ့(ဒီဇင်ဘာလ ၂၅ ရက်) မိုးလင်းခါနီးထိ ပစ်တုန်း”ဟု၎င်းကပြောသည်။

စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သိန္နီမြို့၊ကွန်ကောက်ကျေးရွာနှင့်ရပ်ကွက်(၃)မှ အမျိုးသမီးတဦး၊အမျိုးသားနှစ်ဉီး သေဆုံးခဲ့သည်ဟု ဆိုသည်။

ထိုအပြင် မြို့ပေါ်ရပ်ကွက်များနှင့်ပန်လော့ကျေးရွာတွင်လည်း နေအိမ်ခြောက်လုံးထက်မနည်းပျက်စီး၍ ရပ်ကွက်(၂)တွင် ပြည်သူ့ဆေးရုံဝင်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများကပြောသည်။

ယခုလ ဒီဇင်ဘာလအတွင်း သိန္နီမြို့တွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှု၊လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်းရှိခဲ့ပြီး
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း သေဆုံးသူ အရပ်သား ၂၀ ဦး ခန့်ရှိပြီဟု စစ်ဘေးရှောင်များအား ကူညီနေသူများကပြောသည်။ ယနေ့ ဒီဇင်ဘာလ ၂၅ရက် နေ့လယ်တွင် သိန္နီမြို့
နေရာအချို့၌ ပစ်ခတ်သံများ ကြားနေရကြောင်း
ဒေသခံများထံမှသိရသည်။သိန္နီ မြို့ခံများသည် ဘုန်းကြီးကျောင်းများ၊စစ်ရှောင်စခန်းများနှင့်လားရှိုးမြို့သို့နေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်းစစ်ဘေးရှောင်ကူညီကယ်ဆယ်သူများထံ သိရသည်။

မြောက်ပိုင်းမဟာမိတ်သုံးပွဲဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ရက္ခိုင့်တပ်တော် (AA) တို့ ဦးဆောင်ပြီး ပြီးခဲ့သည့်အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း သိန္နီမြို့၌လည်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ခိုက်မှု အရှိန်မြှင့်နေကြောင်း မြောက်ပိုင်းမဟာမိတ်သုံးပွဲကသတင်းထုတ်ပြန်ထားသည်။

စိတ်ဓာတ်ပျက်စီးယိုယွင်းကာ တိုက်ရည်ခိုက်ရည်ကျဆင်းနေသည့် စစ်ကောင်စီတပ်သည် ပြည်သူလူထုကိ အဓိကထားပြီး ဦးတည်တိုက်ခိုက်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးပွဲက ယမန်နေ့ ဒီဇင်ဘာလ ၂၄ရက်တွင် ထုတ်ပြန်သတိပေးထားသည်။

စာတည်း – အေးချမ်း