လူသေဆုံးသည့် နီကယ်စက်ရုံ ပေါက်ကွဲမှုဖြစ်ပြီးနောက် အင်ဒိုနီးရှား အလုပ်သမားများ ဆန္ဒပြ 

CNA 

အင်ဒိုနီးရှားနိုင်ငံတွင် ပေါက်ကွဲမှုကြောင့် လူ ၁၈ ဦး သေဆုံးပြီး ဒါဇင်များစွာ ထိခိုက်ဒဏ်ရာရခဲ့သော တရုတ် ရန်ပုံငွေ စိုက်ထူသည့် နီကယ်စက်ရုံက အခြေအနေများကို ဆန့်ကျင်ပြီး အလုပ်သမား ရာပေါင်းများစွာ ဒီဇင်ဘာ ၂၇ ရက်တွင် ဆန္ဒပြကြသည်။ 

ဆူလာဝေစီကျွန်းရှိ မိုရိုဝါလီ စက်မှုဇုန်က PT Indonesia Tsingshan Stainless Steel (ITSS) ပိုင် စက်ရုံက သတ္ထုဖိုအား စနေနေ့ နံနက်ပိုင်းက အလုပ်သမားများ ပြင်ဆင်နေချိန် ပေါက်ကွဲမှု ဖြစ်ခြင်း ဖြစ်သည်။ 

တွင်းထွက်သတ္တု ပေါကြွယ်ဝသော အင်ဒိုနီးရှားတွင် ဆူလာဝေစီကျွန်းသည် လျှပ်စစ်ကား ဘတ္တရီမျာနှင့် သံမဏိပစ္စည်းများတွင် အခြေခံသတ္တုဖြစ်သော နီကယ်ထွက်ရှိရာ အခရာဖြစ်ပြီး ယင်းကဏ္ဍ၌ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ ကြီးထွားလာခဲ့ကာ လစာနှုန်းထားနှင့် အလုပ်လုပ်ကိုင်ရသော အခြေအနေတို့နှင့် ပတ်သက်ပြီး မငြိမ်သက်မှုများ ဖြစ်ပွားပေါ်ပေါက်လေ့ ရှိသည်။ 

စက်ရုံဝင်း အပြင်ဘက်၌ ဆန္ဒပြကြရာ၌ အလုပ်သမား ရာနှင့်ချီ ပါဝင်ကြောင်း အေအက်ဖ်ပီမှ မြင်တွေ့ခဲ့ရသည့် ဓာတ်ပုံများတွင် တွေ့ရသည်။ 

ဆန္ဒပြသူများသည် စီမံဌာနသို့ လိုလားချက် ၂၃ ချက်ပါ စာရင်းအား ပေးပို့ထားကြောင်း သမဂ္ဂ ကိုယ်စားပြု အလုပ်သမားများ၏ ရဲဌာနသို့ ပေးပို့သော စာအရ သိရသည်။ 

အဆိုပါ တောင်းဆိုချက်များတွင် သတ္တုအရည်ကျိုပစ္စည်းများကို ပိုမို ကောင်းမွန်စွာ ထိန်းသိမ်းပြုပြင်ရန်၊ အရေးပေါ် အခြေအနေများအား ဖြေရှင်းနိုင်မှုနှင့်အတူ ကျန်းမာရေးဆေးပေးခန်းများ ပို၍ ကောင်းမွန်ရန်နှင့် တရုတ်အလုပ်သမား အင်ဒိုနီးရှား ဘာသာစကား သင်ရန်တို့ပါ ပါဝင်သည်။ 

“အသက်လောက် တန်ဖိုးရှိတဲ့ ထုတ်ကုန်ဆိုတာ မရှိဘူး”ဟု ဆန္ဒပြသူများက အသံချဲ့စက်များမှတဆင့် ကြွေးကြော်ကြသည်ကို ဆန္ဒပြမှုအား ရိုက်ကူးထားသော ဗီဒီယို၌ မြင်တွေ့ရသည်။ 

ITSS ကုမ္ပဏီက လွန်ခဲ့သော နှစ်ရက်ကတည်းက ဆန္ဒပြသူများ၏ တောင်းဆိုချက်များအပေါ် လုပ်ကိုင်ဆောင်ရွက်ပြီးကြောင်း စက်မှုဇုန် ပြောခွင့်ရသူ ကာနီယာဝန်က အသေးစိတ် မဆိုဘဲ ပြောသည်။ 

“ကျွန်တော်တို့ ရှင်းပြချက်တွေကို သူတို့ သိပြီးနောက် ဆန္ဒပြတာတွေ ဆက်မရှိတော့ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ဆိုသည်။ 

(မိုးသဲ ဘာသာပြန်သည်။)