မြိတ်ခရိုင်တွင် စစ်ကောင်စီက လက်နက်၊ လူအင်အားဖြည့်တင်းနေ၍ စစ်ရေးတင်းမာလာနိုင်ဟု PDF အဖွဲ့ ထုတ်ပြန်

ပုံအညွှန်း- တနင်္သာရီမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အားတွေ့ရစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်ရင်းနှစ်ခုတွင် ပြီးခဲ့သည့် ဒီဇင်ဘာ လ ၂၀ ရက်နေ့မှစ၍ လက်နက်နှင့် လူအင်အား ဖြည့်တင်းနေ၍ စစ်ရေးတင်းမာလာနိုင်ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော်(မြိတ်ခရိုင်)တပ်ရင်း(၂)က သတင်းထုတ်ပြန်ထားသည်။

မြိတ်မြို့နယ် ဇဝဲကျေးရွာအုပ်စုတွင် အခြေစိုက်သည့် အမှတ်(၅၅၆) ခြေမြန်တပ်ရင်းနှင့် တနင်္သာရီမြို့နယ် အခြေစိုက် အမှတ်(၅၅၇) ခြေမြန်တပ်ရင်းတို့တွင် စစ်ကောင်စီက မြိတ်မြို့မှတဆင့် လက်နက်နှင့် လူအင် အားဖြည့်တင်းနေခြင်းဖြစ်သည်ဟု တော်လှန်ရေး ပူးပေါင်းအဖွဲ့များထံမှ သိရသည်။

“အခုရက်ပိုင်းမှာ စကစဘက်က ရိက္ခာတွေ၊ လက်နက် အင်အားတွေဖြည့်ပြီး ကားနဲ့သယ်ယူနေကြတာ သတင်း အတိအကျရထားတယ်”ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၂)မှ သတင်း နှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းသို့ နှစ်ဖက် စစ်ရေးတင်းမာနေချိန်တွင် တော်လှန်ရေး ပူးပေါင်းအင်အားစုဘက်ကလည်း အနီရောင် အဆင့်သတ်မှတ်ထားပြီး လိုအပ်သည့် စစ်ရေးပြင်ဆင်မှုများဆောက်ရွက်နေ၍ မြိတ်-တနင်္သာရီ ပြည် ထောင်စုလမ်းမကြီးပေါ်ရှိ ခရီးသွားများအနေဖြင့် သတိပြုသွားလာကြရန် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ် ရေး ပူးပေါင်းစစ်ကြောင်း(၂)က သတင်း ထုတ်ပြန်ထားသည်။

“ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့အချက်တွေကို မလိုက်နာရင် ပစ်ခတ်မှုတွေရှိလာနိုင်ပါတယ်။ ကာ ကွယ်ရေးအဖွဲ့တွေ နေရာအသင့်ယူထားပြီးသားဖြစ်နေလို့ အရှိန်ပိုမြင့်သွားဖို့ရှိတယ်”ဟု ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ခရီးသွားလာရန် ထုတ်ပြန်ထား ပြီး စည်းကမ်းချက်ပါ အချိန်ကျော်လွန်ခရီးသွားမှုများရှိလာပါက ထိခိုက်နစ်နာမှုများရှိလာနိုင်၍ ညဖက် ခရီးသွားလာခြင်း မပြုလုပ်ရန် သတိပေးထားသည်။

“ဒီဖက်မှာတော့ တိုက်ပွဲထပ်ဖြစ်လာရင် ပြည်သူတွေက အားလုံးနီးပါး ပြင်ဆင်ထားပြီးသား ဖြစ်တယ်”ဟု တနင်္သာရီမြို့ခံတဦးက ပြောသည်။

တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်ဖြစ်၍ ပစ်ခတ်တိုက် ခိုက်မှု မကြာခဏဖြစ်ပွားနေသည့်ဒေသလည်း ဖြစ်သည်။

စာတည်း။ ။စောဖေ