2023 Year in Review | ဖုံးမရဖိမရတဲ့ စစ်ကောင်စီရဲ့ အကျင့်ပျက်ခြစားမှု

စည်သူဘွဲ့ရ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း(ဝဲမှယာ )

မိုးသောက်

(မဇ္ဈိမ)။       ။အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလ ယခု  ၂၀၂၃ ခုနှစ်အတွင်း စစ်ဗိုလ်ချုပ်များ ဦးဆောင်ဖွဲ့စည်း ထားသည့် စစ်ကောင်စီတွင် ထူးထူးခြားခြား ပြောင်းလဲမှုတခု(သို့)ဖြစ်ရပ်တခု ဖြစ်ပွားခဲ့သည်။

ယင်းမှာ စစ်ကောင်စီအစိုးရအဖွဲ့တွင်လည်းပါဝင်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အနီးကပ်ဆက်ဆံရေးရှိသော စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိနှစ်ဦးကို ရုတ်ချည်း တာဝန်မှရပ်ဆိုင်းပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအဆင့်မြင့်အရာရှိနှစ်ဦးမှာ စည်သူဘွဲ့ရ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ဖြစ်ကြသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို နိုင်ငံတော်သစ္စာ ဖောက်ဖျက်မှု၊ စစ်စည်းကမ်းဖောက်ဖျက်မှု၊ တံစိုးလက်ဆောင်ရယူမှု၊ နိုင်ငံခြားသုံးငွေ တရားမဝင်လက် ဝယ်ထားမှုအပါအဝင် အခြားစွဲချက်များဖြင့် စစ်တရားရုံးက ထောင်ဒဏ် တသက်တကျွန်းချမှတ်လိုက် ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

စစ်တက္ကသိုလ် အပတ်စဉ်(၃၀)ဆင်း ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် အနီးကပ်ဆက်ဆံရေးရှိပြီး စစ်ကောင်စီအဖွဲ့ဝင် တဦးလည်းဖြစ်သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏နေရာကိုဆက်ခံမည့်သူဟု သတင်းကြီးခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းမှာ စစ်ဦးစီးအရာရှိချုပ်(ကြည်း)ဖြစ်ပြီး စစ်ကောင်စီတပ်၌ အဆင့် ခြောက်ရှိသူ ဖြစ် သလို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေ ရေးဗဟိုကော်မတီနှင့် နိုင်ငံခြားငွေကြီးကြပ်ရေးကော်မတီ(FESC)တို့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။

စက်တင်ဘာလဆန်းက စားအုန်းဆီလုပ်ငန်းရှင်များအား စစ်ဆေးရာတွင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း ၏လက်ထောက် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးချုပ်ရန်နောင်စိုးပါ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည်။

၎င်းနောက်တွင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း အဂတိလိုက်စားမှုစွပ်စွဲချက်များဖြင့် စစ်ဆေးခြင်းခံနေရ ကြောင်းသတင်းများ စတင်ထွက်ပေါ်လာခဲ့သည်။ သွင်းကုန်ကိစ္စ၊ ဒေါ်လာကိစ္စများနှင့် ဆက်နွှယ်ပြီး နေပြည်တော်နှင့် ရန်ကုန်တို့မှ လုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြီးနောက် ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်းကို လာဘ်ပေးရကြောင်းပေါ်ပေါက်ပြီးနောက် ဖမ်းဆီးစစ်ဆေးခြင်းဖြစ် ပေါ်လာခဲ့သည်။

အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် “နိုင်ငံတော်၏ နိုင်ငံခြားသုံးငွေ ဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာမူဝါဒနှင့် အခြားစီးပွားရေးဆိုင်ရာ မူဝါဒများနှင့်ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ရယူဆောင်ရွက်ခဲ့ခြင်းဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ နှင့် ဦးတည်ချက်များကိုသွေဖည်ဆောင်ရွက်၍ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခဲ့ခြင်း၊ နိုင်ငံ တော်အစိုးရက စားအုန်းဆီများကိုတင်သွင်းရန် သတ်မှတ်ရာခိုင်နှုန်းအတွက် ကျသင့်ဒေါ်လာများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွန်းစျေးနှုန်းဖြင့်ရောင်းချပေးကာ တင်သွင်းစေခဲ့သော်လည်း နိုင်ငံ တော် အစိုးရက ခွင့်ပြုရောင်းချရန် သတ်မှတ်ထားသည့် ရည်ညွှန်းစျေးနှုန်းထက် စျေးတင်ရောင်းချခြင်းကို သိလျက် အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ပတ်သက်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီများကပေးအပ် သည့် တံစိုးလက်ဆောင်ပစ္စည်းများကို ရာထူးလုပ်ပိုင်ခွင့်ကိုအသုံးပြု၍ ရယူဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြား သုံးငွေများကို တရားမဝင် လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက် ၍ အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် နှစ် ၂၀ ကာလ နှင့်ညီမျှသော တသက်တကျွန်းပြစ်ဒဏ် ချမှတ်လိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၏လက်ထောက်ဖြစ်သူ ဗိုလ်မှူးချုပ်ရန်နိုင်စိုးကိုလည်း အလားတူ ပြစ်မှုများ ကျူးလွန်ခဲ့ခြင်းကြောင့် နှစ် ၂၀ ကာလနှင့်ညီမျှသော တသက်တကျွန်းပြစ်ဒဏ် ချမှတ်လိုက် ကြောင်း  စစ်ကောင်စီက ကြေညာခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်ရန်နိုင်စိုးတို့အား ဖမ်းဆီးစစ်ဆေးနေစဉ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်လည်း ဖမ်းဆီးခံခဲ့ရသော်လည်း ၎င်းနှင့် ပတ်သက်သော ပြစ်ဒဏ်ချမှတ်မှုကို ထုတ်ပြန်ခြင်းမရှိပေ။

စစ်ကောင်စီက ယခုကဲ့သို့ အပြစ်ပေးအရေးယူခဲ့သော အဂတိလိုက်စားမှုဖြစ်စဉ်ကြောင့် စစ်အာဏာသိမ်း ပြီးနောက် ဆက်တိုက်မြင့်တက်နေသော ဒေါ်လာဈေး အမြင့်ဆုံးအထိရောက်ရှိသွားကာ စက်သုံးဆီနှင့် စားအုန်းဆီပြတ်တောက်မှုများဖြစ်ပေါ်ကာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူများ ပိုမိုခံစားလာ ရသည်။

၂၀၂၃ ခုနှစ်အတွင်း အဂတိလိုက်စားမှုဖြင့် အရေးယူခံရသည့် နောက်ထပ် စစ်ကောင်စီထိပ်ပိုင်းအရာရှိကြီး တဦးမှာ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဖြစ်သည်။ အသက် ၆၃ နှစ်ရှိပြီဖြစ်သော ဗိုလ်သင်တန်း အပတ်စဉ် (၆၄)  OTS – 64 မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်မှာ လက်ရှိတွင် စစ်ခုံရုံးမှထောင်ဒဏ်ငါးနှစ် ချမှတ်ခြင်းခံ ထားရသည်။

၎င်းသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (န.အ.ဖ)အစိုးရလက်ထက်က ရဟတ် ယာဉ်ပျက်ကျမှုတွင်ကွယ်လွန်ခဲ့သည့်  ဝန်ကြီးချုပ်ရုံးဝန်ကြီး ဗိုလ်မှူးချုပ်လွန်းမောင်၏သား ဖြစ်သည်။ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေး(စရဖ)အရာရှိချုပ် တာဝန်ထမ်းဆောင်နေစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်သမ္မတထံ ပြည်ထဲရေးဝန်ကြီးအဖြစ်ခန့်အပ်ရန် အမည်စာရင်းတင်သွင်း ခံရပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ဝန်ကြီးဖြစ်လာခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူရပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား ဘဝပျက်အောင်လုပ်ရန် ညွှန်ကြားခဲ့သူဖြစ်သလို ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားလေးဦးအား ကြိုးပေးကွပ်မျက်မှုကို အမိန့်ပေးစီစဉ်ခဲ့သူဖြစ်သည်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ဒုတိယဝန်ကြီးချုပ်ရာထူးနှင့် ပြည်ထဲရေးဝန်ကြီးရာထူးများမှ ဖယ်ရှားခံရပြီး  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ဝန်ကြီးဖြစ်လာခဲ့သည်။ သို့သော် ၅၄ ရက် အကြာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ဝန်ကြီး ရာထူး နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားခံရပြီး မူလစစ်ဘက်တာဝန်များ ကိုသာ ပြန်လည်ထမ်းဆောင်ရန် သတင်းထုတ်ပြန်ခဲ့သည်။၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင်မူ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်အား စစ်ခုံရုံးမှ  ထောင်ဒဏ်ချငါးနှစ် ချမှတ်လိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများမှ ကြေညာခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အနေဖြင့် မလျော်သြဇာအသုံးပြု၍ နိုင်ငံကူးလက်မှတ်များကို ခွင့်ပြုပေးရန် ညွှန်ကြားခဲ့ခြင်း၊ တံစိုးလက်ဆောင် လက်ခံရယူခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက်သာ ချောင်ချိရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ညီညွှတ်မှုမရှိသည့် ဆောင်ရွက်မှုများအပေါ် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် စွဲချက်တင်ခဲ့ပြီး ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီအနေဖြင့်  အဂတိလိုက်စားမှုများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဆိုသည်ကို ပြသသည့် အနေဖြင့် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူ နှစ်ဦးကိုအပြစ်ပေးခဲ့ခြင်းဖြစ်သော်လည်း လက်ရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများတွင် လာဘ်ပေးလာဘ်ယူမှုများမှာ  ဆိုးဆိုးရွားရွားဖြစ်ပေါ်နေဆဲ ပင်ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တာဝန်ယူခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ကျပ်သိန်းဆယ်ချီကာ လာဘ်ငွေတောင်းယူနေကြဆဲဖြစ်သည်။ ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုနှင့် လုပ်ခလစာနည်းပါးမှုကြောင့် ပြည်ပသို့ထွက်ခွာကာ အလုပ်လုပ်ကိုင်လိုသော ပြည်သူများအနေဖြင့် နိုင်ငံကူးလက်မှတ်ရရှိရန် ပွဲစားများမှတဆင့် ဝန်ထမ်းများအား လာဘ်ငွေပေးနေရဆဲသာဖြစ်သည်။

စာတည်း။  ။စောဖေ