စစ်ကောင်စီ တပ်စခန်း ၂ ခုကို သိမ်းပြီးနောက် ဖယ်ခုံမြို့အဝင်အထွက်ကို တော်လှန်ရေးတပ်များ ထိန်းချုပ်

သိမ်းဆည်းရရှိထားသည့် စခန်းကုန်းနှစ်ခုနှင့် လက်နက်ခဲယမ်းများ

ဂျူချန်း(မဇ္ဈိမ)။ ။ ကရင်နီနှင့် ရှမ်းပြည်နယ် အစပ် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ရွှေပြည်အေးစခန်းကုန်းနှင့် လွယ်ပတာ စခန်းကုန်းနှစ်ခုကို ဒီဇင်ဘာ ၂၃၊ ၂၄ နှင့် ၂၅ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီး လက်ရှိတွင် ဖယ်ခုံမြို့ အဝင်အထွက်ကို တော်လှန်ရေး အင်အားစုများမှ ထိန်းချုပ်ထားပြီဖြစ်ကြောင်း မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေး မဟာမိတ်အင်အားစုများက ယနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

“တစ်ပြိုင်နက် တိုက်တယ်။ ရွှေပြည်အေး အရင်ရတယ်။ သုံးရက်လုံးတော့ (တိုက်ပွဲ) ပြင်းထန်ပါတယ်” ဟု မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ရဲဘော်တဦးက ပြောသည်။

ရွှေပြည်အေးနှင့် လွယ်ပတာ စခန်းသိမ်းတိုက်ပွဲ သုံးရက်တာကာလအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦးခန့် သေဆုံးကာ သုံ့ပန်း ခုနစ်ဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ မဇ္ဈိမမှ တွေ့ရှိရသည့် ဓါတ်ပုံများတွင် တပ်မ(၅၅) လက်မောင်းဘတ်တံဆိပ်ပါ သေဆုံးနေသည့် စစ်ကောင်စီတပ်သားအလောင်း ၁၀ လောင်းထက်မနည်းကိုတွေ့ရသည်။ ဒီဇင်ဘာ ၂၃ ရက်နေ့ ရွှေပြည်အေးတိုက်ပွဲအတွင်း တော်လှန်အင်အားစုရေးဘက်မှ KNDF ရဲဘော် တိုမားစို့ ကျဆုံးခဲ့ရကြောင်း သိရသည်။

ရွှေပြည်အေး စခန်းသည် ဖယ်ခုံနှင့် မိုးဗြဲကြား ဖယ်ခုံမြို့အထွက်တွင် တည်ရှိပြီး စစ်ကောင်စီတပ်သားများ အဓိက အထိုင်ချတပ်စွဲသည့် တပ်စခန်းတခုဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။ဖယ်ခုံမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်နေ့မှစတင်ကာ တိုက်ပွဲ ပြင်းထန်နေပြီး ဒေသခံအများစုသည် စစ်ဘေးတိမ်းရှောင်နေကြပြီဖြစ်ကြောင်း ဒေသခံက ပြောသည်။

“(ရွှေပြည်အေးစခန်းက) မြို့အထွက် လုံးဝ ပွိုင့်ကုန်းပေါ့။ သူက နယ်စ(ကရင်နီနယ်အစ) လည်း နေရာယူတယ်။ အင်အားက ပို့မရဘူး။ လေယာဉ်အကူပဲ ပို့နေတာ။ ဒီနေ့ တော်တော် တော်တော်ရှောင်ကြပြီ။ မြို့ရဲ့အဓိကနေရာတွေမှာ ခွေး(စစ်ကောင်စီ)တွေက လမ်းကို ကားတာယာတွေနဲ့ ပိတ်ထားပြီး မီးရှို့ထားတယ်” ဟု ဒေသခံတဦးက မဇ္ဈိမကို ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ပြောသည်။

ဖယ်ခုံမြို့မ ရဲစခန်းတွင်လည်း ပြီးခဲ့သည့် ဒီဇင်ဘာ လဆန်းပိုင်းကတည်းက ရဲနှင့် ၎င်းတို့၏ မိသားစုဝင်များ မရှိတော့ကြောင်း ဒေသခံထံက သိရသည်။

မိုးဗြဲ၊ ဖယ်ခုံ မြို့များတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်မှစတင်ကာ အင်တာနက်နှင့် ဖုန်းလိုင်းများကို ဖြတ်တောက်ထားပြီး အဆက်အသွယ်ရရှိရန်ခက်ခဲနေကြောင်း သိရသည်။

ကရင်နီပြည်တွင် နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ကာ ၁၁.၁၁ စစ်ဆင်ရေး စတင်နေသကဲ့သို့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံတွင်လည်း နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ကာ မိုးဗြဲ ၁၁၁၁(MB1111) ကို စတင်ခဲ့ပြီး စစ်ကောင်စီအခြေစိုက် တပ်စခန်းများကို ပူးပေါင်းတပ်များက တိုက်ခိုက်လျက်ရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့တွင်လည်း ဖယ်ခုံမြို့နယ် ဆောင်နန်းခဲကျေးရွာ အထက်ပိုင်းရှိ စစ်ကောင်စီ၏ ပွိုင့်ကုန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ပူးပေါင်းတပ်က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဖယ်ခုံမြို့အဝင်အထွက်ကို တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားသော်လည်း လတ်တလော ကာလတွင် လုံခြုံရေးအရ ပြည်သူများအနေဖြင့် ဖယ်ခုံမြို့တွင်းသို့ ဝင်ထွက်သွားလာခြင်း မပြုကြရန်နှင့် နေအိမ်များသို့ ပြန်လည်နေထိုင်ခြင်း မပြုလုပ်ကြရန် မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေး မဟာမိတ်အင်အားစုများက တောင်းဆိုထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး