ပူတာအိုတွင် စစ်‌ေကာင်စီက တပ်စခန်းတည်ဆောက်

ပုံအညွှန်း- စစ်ကောင်စီ တပ်စခန်း တည်ဆောက်နေသည့် နေရာ/ဓာတ်ပုံ-CJ

(မဇ္ဈိမ) ။ ။ ပူတာအိုမြို့နယ် ၊ လုံရှာယာန်ကျေးရွာတွင်  စစ်ကောင်စီတပ်က တပ်စခန်းတည်ဆောက်နေကြောင်း ဒေသခံများထံက သိရသည်။

ပူတာအိုအခြေ စိုက် ခလရ (၄၆) စစ်ကောင်စီတပ်က   ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်က စတင်ကာ  ယနေ့ ဒီဇင်ဘာလ ၂၉ ရက်အထိ  တပ်စခန်း တည်ဆောက်‌ေနဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်  ဘတ်ဖိုးများနှင့် မြေတူးခြင်း၊  မြေနေရာညှိခြင်း၊ တပ်စခန်းဘန်ကာများ ဆောက်လုပ်ရန် ပြင်ဆင်ခြင်း ၊ သစ်စက်များမှ သစ်များနှင့် ဝါးများကို အပူတပြင် ဝယ်ယူခြင်း ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိတွင်  စစ်ကောင်စီတပ်သားများက  ဒေသခံများ၏ နေအိမ်တွင် ဒေသခံများနှင့်အတူ ရောနှောနေထိုင်နေကြောင်း သိရသည်။

စစ်ကား နှစ်စီးဖြင့် ရောက်လာသည့် စစ်ကောင်စီတပ်သားအင်အား ၅၀ ကျော်သည် အရပ်သားများနှင့် ဘုန်းကြီးကျောင်းဝင်းများတွင် ဝင်ရောက်နေထိုင်နေခြင်း ဖြစ်သည်။

“ပူတာအိုကနေ ကား နှစ်စီးအပြည့်နဲ့ ရောက်လာပြီး လုံရှာယန်မှာနားပြီး ဒီလမ်းတကြောနေရာယူထားတယ်။ အဲ့ဒီမှာ အင်ခါးဂါးကနေ ပြန်ဆုတ်လာကြတဲ့ စစ်ကောင်စီတပ်အားလုံးလည်း လုံရှာယန်မှာဟုတ်တယ်။ ရွာသားတွေရဲ့နေအိမ်တွေထဲ နေနေကြတယ်။သစ်စက်ရုံကနေ သစ်တွေအော်ဒါအမြန်နည်းနဲ့မှာထားပြီး စစ်တပ်တည်ဆောက်ဖို့ ဆောက်လုပ်ရေးလုပ်နေတယ်။ ဒီတလောက ရှင်းလင်းရေးတွေလုပ် မီးတွေရှို့ပြီး တချို့က အဲ့ဒီကုန်းမှာအိပ်တယ်ထင်တယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

အရပ်သားနေအိမ်တအိမ်လျှင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ယောက်ဝန်းကျင်ခန့် နေထိုင်နေပြီး တပ်စခန်းပြန်လည်တည်ဆောက်နေခြင်းကြောင့် ကျေးရွာတွင်း တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

.လုံရှာယာန်ကျေးရွာသည် ပူတာအိုမြို့နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးသည့် ပူတာအို – ဆွမ်ပရာဘွမ်လမ်းမပေါ်က ကျေးရွာမကြီးဖြစ်ပြီး၊ ၂၀၁၄ သန်းခေါင်စာရင်းအ ရ  ရဝမ်၊ လီဆူ၊ ဂျိန်းဖေါ့နှင့် ခန္တီးရှမ်းအများစု‌ေနထိုင်ပြီး လူဦးရေ ၄ ၀၀၀ ကျော်ရှိသည်။