MNDAA ထံလက်နက်ချသည့် လောက်ကိုင်ဒကစမှ စစ်ကောင်စီတပ်သားများကို ပြန်လည် ပို့ဆောင်မည်ဟုဆို

နိုဝင်ဘာလ ၁၅ ရက်နေ့တွင်တွေ့မြင်ရသည့် လောက်ကိုင်မြို့ မနက်ပိုင်းမြင်ကွင်း(ဓာတ်ပုံ – ဘီလုံး)

ရွှေနွယ်၊ ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီ၏ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ရှိ စစ်ကောင်စီတပ်သားများသည် ဇန်နဝါရီ ၃ ရက်နေ့ ညနေပိုင်းတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် ညှိုနှိုင်း၍ လက်နက်ချခဲ့သည်ဟု MNDAA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးကပြောသည်။

ထိုသို့ လက်နက်ချသည့် စစ်ကောင်စီတပ်သားများကို MNDAA မှ ထိန်းသိမ်းမထားဘဲ စစ်ကောင်စီထံ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း လောက်ကိုင်ဒေသခံသတင်းရင်းမြစ်တို့၏ ပြောဆိုချက်အရသိရှိရသော်လည်း မည်သည့်နေရာမှ ပြန်လည်ပို့ဆောင်မည်ကို အသေးစိတ်မသိရပေ။

ထိုသို့ လက်နက်ချသူများတွင် ထိပ်ပိုင်းအရာရှိများဖြစ်သည့် တပ်မမှူး၊ ဒုတိယ ဗိုလ်မှူးကြီးနှင့် ဒကစမှူး များ ပါဝင်ကြောင်း အဆိုပါသတင်းရင်းမြစ်က ဆိုသည်။

“ဇန်နဝါရီ ၃ ရက်နေ့ကတည်းက ပြေးသွားတာ မနေ့ညနေပိုင်းလောက်။ သူတို့ ရိက္ခာလည်း ပျက်ပြီ။ ရဲဘော်တချို့ကလည်း ဒဏ်ရာရတယ်။ ရဲမေတွေရော မိသားစုတွေပါများလို့ ငတ်ကုန်တာလည်း ပါတယ်။ အဲ့ဒါကြောင့် လက်နက်ချပြေးကြတာပါ။ အခုက အကြီးခြောက်ယောက်ပါနေလို့ သူတို့က MNDAA နဲ့ ညှိတယ်ဆိုပဲ” ဟု MNDAA နှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။

တရုတ်နိုင်ငံသုံးလူမှုကွန်ရက်စာမျက်နှာတခု၌ လောက်ကိုင်ဒကစ လက်နက်ချသည့်အကြောင်းနှင့် ဆက်စပ်၍ ပျံ့နှံ့နေသည့်ရုပ်သံဖိုင်များတွင်မူ စစ်ကောင်စီတပ်သားများလက်နက်ချနေခြင်း၊ စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏မိသားစုဝင်များကို MNDAA မှ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်မောင်းနှင်သွားခြင်းတို့ကို မြင်တွေ့ရသည်။

“မနေ့(ဇန်နဝါရီ ၃ရက်နေ့) နေ့လယ် ၂ နာရီ ၁၀မိနစ်လောက်ကဖြစ်မယ်။ တရုတ်နိုင်ငံထဲကို ဗုံးကျတယ်။ စစ်ကောင်စီကပစ်လိုက်တဲ့ဗုံး။ ကြားလိုက်တယ်။၁၂၅ဘက်ကနေဖြတ်သွားတာပဲ။ လူငါးယောက်ဒဏ်ရာရတယ် တရုတ်က။ အဓိက စစ်ကောင်စီက လေကြောင်းပစ်ကူအားကိုးနေတာလေ။ အဲ့လိုဖြစ်ပြီးတဲ့နောက် လေကြောင်းလည်း မသုံးရဲတော့တာပါမယ်” ဟု လောက်ကိုင်မြို့ နယ်စပ်ဂိတ်အမှတ် ၁၂၅ တွင်စစ်ဘေးတိမ်းရှောင်နေသည့် စစ်ရှောင်တဦးကပြောသည်။

လောက်ကိုင်မြို့ထဲတွင် MNDAA တပ်သားများ အထိုင်ချသွားလာလှုပ်ရှားနေသည်မှာ ရက်သတ္တပတ်ကြာမြင့်ပြီဖြစ်သော်လည်း လောက်ကိုင်ဒကစနှင့် အခြားသောတပ်စခန်းနေရာတခုကျန်ရှိနေသောကြောင့် အဆိုပါတပ်စခန်းနေရာများသို့ MNDAA မှ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ ဆယ်ရက်ခန့်ကြာမြင့်ပြီဖြစ်ကြောင်း ဒေသခံ၏ ပြောဆိုချက်အရသိရသည်။

ယမန်နေ့ ဇန်နဝါရီ ၄ ရက်နေ့တွင်မူ အဆိုပါ တပ်စခန်းနေရာများမှ စစ်ကောင်စီတပ်သားများ ဆင်းလာသည်ကို တွေ့မြင်ရသည်ဟု လောက်ကိုင်ဒေသခံအချို့ကဆိုသည်။

ထိုသို့ လက်နက်ချမှုဖြစ်စဉ်နှင့်အတူ စစ်ကောင်စီတပ်သားများအား ပြန်လည်ပို့ဆောင်သည့်ဖြစ်စဉ်အား အတည်ပြုနိုင်ရန် မဇ္ဈိမမှ စစ်ကောင်စီ၏ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် MNDAA ပြောခွင့်ရသူ လီကျားဝင်း (ခ) ဦးကျော်နိုင်အား ဆက်သွယ်မေးမြန်းနေသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသောကြောင့် သက်ဆိုင်ရာ နှစ်ဖက်ပြန်ကြားရေးများထံမှ တရားဝင်အတည်ပြုချက်မရရှိသေးပေ။

လောက်ကိုင်မြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ လက်အောက်တွင် အမှတ်(၁၂၅)၊ အမှတ် (၁၂၉)၊ အမှတ် (၁၂၇)၊ အမှတ်(၁၂၈)၊ အမှတ် (၂၃၉)၊ အမှတ်(၃၁၂)နှင့် အမှတ် (၃၂၂) ဟူ၍ ခြေလျင်နှင့် ခြေမြန်တပ်ရင်း ခုနစ်ခုရှိသည်။

ထို့နက် အမှတ် (၁၂၅) နှင့် အမှတ် (၁၂၉) တို့သည် MNDAA ထံတပ်ရင်းလိုက် လက်နက်ချခဲ့ကြပြီး အမှတ် (၁၂၇)နှင့် အမှတ် (၃၁၂) တို့သည် ကွမ်းလုံတိုက်ပွဲအတွင်း သိမ်းပိုက်ခံရခဲ့ရသည်။ အမှတ် (၁၂၈) ကိုလည်း MNDAA မှသိမ်းပိုက်ထားပြီး၊ ယခုသတင်းပတ်အတွင်းတွင်မူ အမှတ် (၃၂၂) တပ်ရင်းနှင့် ကျန်ရှိနေသည့် ပြည်သူ့စစ်စခန်းများကိုလည်း MNDAA မှသိမ်းပိုက်ခဲ့သည်။

ကျန်ရှိနေသည့် အမှတ် (၂၃၉) ၏ သတင်းအချက်အလက်ကိုမူ မဇ္ဈိမမှ အတည်မပြုနိုင်သေးပေ။
လောက်ကိုင်မြို့သည် ကိုးကန့်ဒေသ၏ အဓိကစစ်ရေးပစ်မှတ်ဖြစ်ကြောင်း MNDAA ၏ ထုတ်ပြန်ချက်များအရသိရသည်။ စစ်ပွဲအပြီး ကိုးကန့်ဒေသ ပြန်လည်ကောင်းမွန်လာစေရန်အတွက် “အထူးဒေသ (၁) အခြေခံဥပဒေ” ကိုအခြေခံ၍ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူလူထုနှင့်တကွ ကြိုးပမ်းအားထုတ်သွားမည်ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသော အထူးဒေသ (၁)တခုကို တည်ဆောက်ပေးရန် ကတိပြုကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)စစ်ဦးစီးချုပ်၊ မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖုန်တဲရင်မှ ၎င်း၏ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးသဝဏ်လွှာတွင် ပြောကြားထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး