စစ်ကောင်စီတပ် ဖမ်းဆီးထားသည့် ခင်ဦးဒေသခံ ၃၀ ဦး ပြန်လည်လွတ်မြောက်

MTO

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာ ဒေသခံ ဦးရေ၃၀ ကို စစ်ကောင်စီတပ်က ယင်းကျေးရွာတွင်ပင် ဖမ်းဆီးထားပြီးနောက် ယမန််နေ့ ဇန်နဝါရီလ ၆ ရက်က ပြန်လွတ်ပေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဒေသခံများကို ဇန်နဝါရီလ ၃ ရက် စတင်ကာ ဖမ်းဆီးထားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာသွားသည့် ယမန်နေ့က ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ် ဖွဲ့ဝင်တဦးက ပြောသည်။

“ စစ်တပ်က သူတို့ကို ဒီဘက်အင်အားစုက တိုက်ခိုက်လာမှာကြောက်လို့ ဓားစာခံအနေနဲ့ ခေါ် ထားတဲ့ အနေအထားပါ။ သူတို့လည်း ပြန်ထွက်သွားရော ဖမ်းဆီးထားတဲ့ ပြည်သူတွေကို မြင်းဒေါင်း ရွာထဲမှာပဲ လွှတ်ထားခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ခင်ဦးဒေသခံပြည်သူများကို စစ်တပ်က နှိပ်စက်သတ်ဖြတ်ခြင်းမျိုး မရှိသော်လည်း ရိုက်နှက် စစ်ဆေးမှုများရှိခဲ့ကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ က ကိုနေသူရ ကပြောသည်။

၎င်းက “ ညှဥ်းပန်းနှိပ်စက်တဲ့ဒဏ်ရာမျိုးတော့မရှိဘူး ။ နည်းနည်းပါးပါးရိုက်နှက်စစ်ဆေးတာတော့ရှိ တယ်။ နောက်ပြီး ဖုန်းတွေယူသွားတာ ဆင်းကတ် တွေယူသွားတာ ၊ ပိုက်ဆံတွေယူသွားတာတော့ရှိ တယ်” ဟုပြောသည်။

ထိုထွက်ခွာသွားသည့် စစ်ကြောင်းသည် ခင်ဦးမြို့အနီးတွင် ဒေသခံခံကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်း ၎င်းကဆိုသည်။

“ ခင်ဦးအဝင်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ စစ်ကောင်စီတပ်ဖွဲ့ ဝင် နှစ်ယောက်လောက်က မျက်မြင်ကိုယ်တွေ့ ကျဆုံးပါတယ်။ ငါးဦးလောက်ကတော့ ဒဏ်ရာရရသွားတယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောသည်

အဆိုပါ စစ်ကြောင်းသည် ဇန်နဝါရီလ ၆ ရက်တွင် ခင်ဦးမြို့၌ ညအိပ်ပြီးနောက် ယနေ့ ဇန်နဝါရီ လ ၇ ရက်နေ့ မနက်ပိုင်းမှ စတင်ကာ ခင်ဦးမြို့နယ်တောင်ခြမ်း ရှိကျေးရွာများသို့ ဆက်လက်စစ် ကြောင်းထိုးနေသည့်အတွက် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံကသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး