နမ့်ဆန်တွင် လေကြောင်းမှတိုက်ခိုက်မှုကြောင့် ကလေး ၁ ဦးနှင့် အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံး

မြို့သစ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသူများနှင့် ပျက်စီးမှုများ (ပေးပို့)

ပုံအညွှန်း-မြို့သစ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသူများနှင့် ပျက်စီးမှုများ (ပေးပို့)

ဂျူချန်း

(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ရွာသစ်ကျေးရွာတွင် ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတဦးနှင့် အမျိုးသမီးသုံးဦး အပါ အဝင် အရပ်သားခြောက်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

“ဗုံးနှစ်ခါ လာကြဲသွားတယ်။ စာသင်ကျောင်းတွေ ထိသွားတယ်။ နေအိမ်တွေ ထိတယ်။ လောလောဆယ် သိရသလောက် ခြောက်ယောက်သေတယ်။ အဲဒီအထဲမှာ ကျောင်းဆရာတယောက်ပါတယ်၊ သူ့ကလေး ပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတဲ့အချိန် (စက်)သေနတ်နဲ့ပစ်သွားတယ်။ ခုတော့ အကုန်ရှောင်ကုန်ကြပြီ” ဟု သတင်းရင်းမြစ်က ပြောသည်။

သေဆုံးသူများတွင် အသက်အရွယ် မသိနိုင်သေးသည့် ကလေးငယ်တဦး၊ အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း အမျိုးသမီးသုံးဦး၊ ကျောင်းဆရာတဦးနှင့် အမျိုးသားတဦး စုစုပေါင်းခြောက်ဦး သေဆုံးခဲ့ကြောင်း သိရ သည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့သစ်ကျေးရွာ အထက်တန်းကျောင်း၊ ကျောင်းစာကြည့်တိုက်နှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

မြို့သစ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ အကြောင်းမဲ့ လေကြောင်းမှတိုက်ခိုက် ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

“နေ့လယ်ပိုင်းက စစ်ကောင်စီကနေပြီးတော့ နမ့်ဆန် ရွာသစ်ဘက်ကို ဗုံးလာကြဲတာရှိတယ်။ အသေးစိတ် အခြေအနေကိုတော့ ကျမတို့စုံစမ်းနေဆဲဖြစ်တယ်” ဟု PSLF/TNLA ပြောရေးဆိုခွင့်ရုံးမှ မဇ္ဈိမကို ပြော သည်။

မြို့သစ်ကျေးရွာတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က လေကြောင်းမှတိုက်ခိုက်မှုကြောင့် ကလေး ငယ်တဦးအပါအဝင် ရွာသားနှစ်ဦးသေဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ဒီဇင်ဘာ ၁၅ ရက်နေ့တွင် နမ့်ဆန်မြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် ဗျူဟာကုန်းကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် မြို့ကို TNLA မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းနောက် ဒီဇင်ဘာလ ၁၈ ရက် နေ့တွင် နမ့်ဆန်မြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်လုံးရွာခံတဦး၊ ဇယ်ဘန်ကောက်ရွာခံ သုံးဦး သေဆုံး ခဲ့ရကြောင်း TNLA မှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့၏ ဒုတိယအကြိမ်ဆွေးနွေးပွဲတွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကော်မတီ(NSPNC) အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က “မင်းတို့တိုင်းရင်းသားတွေရဲ့ မြို့ ရွာဒေသတွေကို စစ်ရေးနည်းနဲ့တိုက်ယူလို့ရခဲ့ရင်တောင် မင်းတို့ဒေသတွေ ဘယ်တော့မှ အေးချမ်းသာယာမှာမဟုတ်ဘူး၊ ငါတို့မှာရှိတဲ့ လက်နက်ဆန်းတွေသုံးပြီး လေကြောင်းတိုက်ခိုက်ရေးနဲ့ အမြဲတမ်း ဗုံးကြဲနေ မှာပဲ” ဟု ပြောဆိုခဲ့ကြောင်း PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တာဘုန်းကျော်က ၎င်း ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၁ ရက်နေ့က “NSPNC – အတွင်းရေးမှူးရဲ့ တိုင်းရင်းသားနဲ့ တိုင်းပြည်အပေါ် စေတနာ” ဟူသောခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။

စာတည်း။ ။စောဖေ