နယ်စပ်ဖြတ်‌ကျော်ထွက်ပြေးလာသည့် စစ်သား ၃၀၀ကျော် စစ်ကောင်စီထံ အိန္ဒိယပြန်အပ်

ပုံအညွှန်း – မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၌ ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်သို့ စခန်းစွန့်ခွာထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်သား ၃၅၉ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များအရသိရသည်။

အိန္ဒိယနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ချင်းပြည်နယ်တွင်၂၀၂၃ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ ငါးကြိမ်အတွင်း စစ်ကောင်စီတပ်သားများထွက်ပြေးခဲ့ခြင်းဖြစ်ပြီး အိန္ဒိယစစ်တပ် အာသံ ရိုင်ဖယ်မှ လက်ခံ၍ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၂ရက်နေ့က အိန္ဒိယ – မြန်မာနယ်စပ် ရိဒ်ခေါရ်ဒါမြို့ရှိ စစ်ကောင်စီတပ် စခန်းနှစ်ခုကို CNA, CDF – Huanlngoram , CDF- Thantlang နှင့် People Defence Army တို့က တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၃၄ဦးသည် မီဇိုရမ်ပြည်နယ်၊ကျန်ဖိုင်းခရိုင် ၊ ဇိုးခွားထာလ်မြို့သို့ ထွက်ပြေးသွားခဲ့သည်။ ၎င်းတို့ကို အာသံရိုင်ဖယ် တပ်ကအိန္ဒိယစစ်တပ်ရဟတ်ယာဥ်ဖြင့် မိုးရေးမြို့ကို ပို့ဆောင်ပြီးယင်းမှတဆင့် တမူးမြို့ကို ပြန်ပို့ခဲ့ကြောင်းသိရသည်။

နိုဝင်ဘာလ ၁၅ရက်နေ့တွင် ဖလမ်းမြို့နယ် ၊ သီးဘွာလ်တပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသည် အိန္ဒိယနိုင်ငံဘက်သို့ထွက်ပြေးခိုလှုံသွားခဲ့သည်။CNDF တပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးသော်လည်း မီဇိုရမ်ပြည်နယ်၊ဗတ်ဖိုင်းကျေးရွာမှတဆင့် အာသံရိုင်ဖယ်တပ်ထံ ဝင်ရောက်ပြီးနောက် ၎င်းတို့ကို မြန်မာနိုင်ငံ၊ တမူးမြို့သို့ အိန္ဒိယစစ်ရဟတ်ယာဥ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၉ရက်နေ့ကလည်း မတူပီမြိုနယ်၊လိုင်လင်းပီမြို့အခြေစိုက် ခမရ(၃၀၄) စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ဦးသည် မီဇိုရမ်ပြည်နယ်၊ဆိုင်ဟားခရိုင်အတွင်းသို့ ဒဏ်ဝင်ရောက်ခိုလှုံသွားခဲ့ကြောင်းသိရသည်။၎င်းတို့ကို အိန္ဒိယစစ်တပ်၏ရဟတ်ယာဥ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်ကို တွေ့မြင်ခဲ့ကြောင်း နယ်စပ်တွင်နေထိုင်သည့်စစ်ဘေးရှောင်များက ပြောသည်။

ပလက်ဝမြို့နယ် ၊ မြိတ်ဝကျေးရွာ အနီး စစ်ကောင်စီတပ်၏ ပွိုင့် ၃၇၇အခြေကုပ်စခန်းကို ရက္ခိုင့်တပ်တော်(AA) တိုက်ခိုက်ခဲ့သည့် ဒီဇင်ဘာလ ၂၈ရက်နေ့ကတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား ၁၅၁ဦးသည် မီဇိုရမ်ပြည်နယ် ၊ လောင်တလိုင်မြို့နယ်၊ သွီဆဲတလန်းရွာမှတဆင့် အိန္ဒိယနိုင်ငံစစ်တပ်ထံခိုလှုံခဲ့သည်။ ၎င်းတို့ကို ဇန်နဝါရီလ ၂ရက်နေ့ တွင် လဲန်းပွီလေဆိပ်မှတဆင့် စစ်ကောင်စီတပ်လေယာဥ်ဖြင့် နှစ်ခေါက်ခေါ်ယူကာ စစ်တွေ့မြို့သို့ပို့ဆောင်ခဲ့ကြောင်း All India Radio က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ပလက်ဝမြို့၊ရှင်းလက်ဝစခန်းကို ရက္ခိုင့်တပ်တော်(AA) နှင့် မရာလဲန်းကာကွယ်ရေး တပ်ဖွဲ့(MDF) တို့က ဇန်နဝါရီလ ၂ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၄ဦးသည် မီဇိုရမ်ပြည်နယ် ၊ ဆိုင်ဟားခရိုင်အတွင်းသို့ ထွက်ပြေးသွားခဲ့သည်။ဇန်နဝါရီလ ၉ရက်နေ့တွင် စစ်ကောင်စီတပ်လေယာဥ်က အိုက်ဇောလ်မြို့နယ် လဲန်းပွီလေဆိပ်သို့ လာရောက်ခေါ်ဆောင်ကြောင်းသိရသည်။

မဇ္ဈိမမှ စုံစမ်းသိရှိချက်အရ သုံးလခန့်အတွင်း ဖြစ်ပွားသော အထက်ပါ တိုက်ပွဲ ငါးကြိမ်၌ စစ်ကောင်စီတပ်သား ၃၅၉ဦး အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားခဲ့ပြီး အားလုံးကို စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့သည်ဟု သိရသည်။

ယင်းသို့စစ်ကောင်စီတပ်သားများပြန်လည်ပို့ဆောင်မှုနှင့်ပါတ်သက်ပြီး “အင်အားလိုအပ်ချက်တွေများနေတဲ့ စကစအနေနဲ့ ပြန်ပို့လာတဲ့သူတွေကို အရေးယူမှုလုပ်မှာ မဟုတ်ဘဲ ရှေ့တန်းပဲပြန်ပို့မှာဖြစ်တယ်။ တပ်အင်အားပဲပြန်ဖြစ်လာမှာ။ စကစ တပ်သားတွေကို ပြန်မပို့ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ သွေးမြေကျမှု ပိုမိုလျော့ချရာ ရောက်မယ်လို့ယူဆပါတယ်” ဟု India For Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ် က မှတ်ချက်ပြုသည်။

နိုင်ငံအတွင်းဝင်ရောက်လာသူများကို မြန်မာနိုင်ငံသို့ အတင်းအကျပ်ပြန်မပို့ဘဲ ၎င်းတို့၏ ဆန္ဒသဘောထားအတိုင်း စီမံပေးသင့်ကြောင်း သဘောထားကို India for Myanmarက အိန္ဒိယနိုင်ငံဗဟို အစိုးရသို့ စာ ရေးသားပေးပို့ခဲ့သည်။

အိန္ဒိယဘက်မှ ပြန်လည်ပို့ဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရှေ့တန်းသို့ တိုက်ရိုက်ပြန်လည်ပို့ဆောင်မှုများရှိကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။

နိုဝင်ဘာ ၂၀ရက်နေ့က တမူးမြို့နယ် ပန်းသာရွာတိုက်ပွဲတွင် လက်နက်နှင့်အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦးသည် အိန္ဒိယနိုင်ငံအတွင်းထွက်ပြေးခဲ့ပြီး ပြန်ပို့လာသူများဖြစ်ကြောင်း PDF – Tamu တပ်ရင်း (၄) တာဝန်ရှိသူကပြောကြားသည်။

စာတည်း – အေးချမ်း