မြိတ်မြို့တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲခံရသည့် နေရာ

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။မြိတ်မြို့နယ်၊ တဂံတောင်ပုကျေးရွာနှင့် ခုံမော်ကျေးရွာကြားတွင် အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီခြေလျင်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားလေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါစစ်ကြောင်းသည် ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်က မြိတ်မြို့နယ်၊ကြေးနန်းတိုင်ရွာဘက်မှတနင်္သာရီမြို့နယ်ဘက်သို့ ထွက်လာစဉ် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။

တိုက်ခိုက်မှုအပြီး စုံစမ်းထောက်လှမ်းမှုများအရ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေဆုံးကာ အများအပြားဒဏ်ရာရသွားသည်ဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောပုန်းကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့နှင့်အတူပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တနင်္သာရီမြို့နယ်အတွင်း၌ စစ်ကောင်စီက လက်နက်၊လူ အင်အားများ ဖြည့်တင်းနေပြီး တော်လှန်ရေးအင်အားစုများမှလည်း လိုအပ်သည့်စစ်ရေးပြင်ဆင်မှုများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း အသိပေးထားသည်။ တနင်္သာရီနှင့် မြိတ်မြို့နယ်လမ်းပိုင်းတွင် လတ်တလော ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသခံများနှင့် ခရီးသွားပြည်သူများ အနေဖြင့် ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသော စစ်ရေးသတိပေးချက်များကို လိုက်နာပေးရန် ကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။

မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းပိုင်းအား လုံခြုံရေးအရ အနီရောင်အဆင့် သတ်မှတ်ထားကြောင်းလည်း တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

စာတည်း – အေးချမ်း