နမ့်ဖတ်ကာရှိ စစ်ကောင်စီတပ်ရင်းကို ၂ ပတ်ကျော်ကြာ တိုက်ခိုက်ပြီးနောက် KIA သိမ်းပိုက်

အဂမ်

(မဇ္ဈိမ)။ ။ ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရှိ အထိုင်တပ်ဖြစ်သည့် ခလရ (၁၂၃) တပ်ရင်းကို KIA နှင့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်များက မဇ္ဈိမကို အတည်ပြုသည်။

အဆိုပါ တပ်ရင်းကို ပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်ကတည်းက တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် နမ့်ဖတ်ကာ တပ်စခန်းထဲကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက် ထားနိုင်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“သတင်းကတော့ မှန်ပါတယ်၊ ဒီမနက် ၅ နာရီလောက်ကနေ အပြင်းအထန်ပြန်တိုက်ပြီး ဒီမနက် ၉ နာရီ ၂၄ မိနစ်မှာ သိမ်းပိုက်နိုင်ပြီ၊ အပြီးစီးတော့ မဟုတ်သေးဘူးပေါ့၊ သိမ်းနေဆဲအခြေအနေမှာပဲ ရှိသေးတယ်။ အခြေအနေက မပြီးစီးသေးဘူး” ဟု ဝင်တိုက်ခိုက်ခဲ့သည့် KIA တပ်မဟာ (၄) ဌာနချုပ် ရှေ့တန်းသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ရှေ့တန်းမြေပြင်တွင် စစ်ကောင်စီဘက်က လေကြောင်း အသုံးပြု တိုက်ခိုက်နေဆဲဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

နမ့်ဖတ်ကာကျေးရွားရှိ စစ်ကောင်စီတပ်စခန်းများကို KIA က ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့နံနက်မှစ၍ တိုက်ခိုက်ခဲ့ရာ ခလရ (၁၂၃) တပ်ရင်း၏ တပ်စခန်းတခုကို သိမ်းပိုက်ခဲ့ပြီးနောက် ဗျူဟာကုန်းကို ဆက်လက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တပ်ရင်းကို KIA တပ်မဟာ (၄) ၊ တပ်မဟာ (၆) ၊ တပ်မဟာ (၁၀) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာမှာ“ တရားဝင် တပ်ပိုင်းဆိုင်ရာ ကြေးနန်းသတင်းမရောက်လာသေးကြောင်း” ပြောပြီး တပ်ရင်းအား သိမ်းပိုက်ရရှိမှုကို အတည်ပြုသည်။

နမ့်ဖတ်ကာသည် စစ်ရေးအတွက် ဗျူဟာကျသော ဒေသဖြစ်၍ နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိကြောင်း ကေအိုင်အေရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

သို့သော်လည်း နှစ်ဖက်ကျဆုံးမှု အရေအတွက်ကို ထုတ်ပြောရန် ၎င်းက ငြင်းဆိုသည်။

စစ်ကောင်စီတပ်၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဖတ်ကာကျေးရွာထဲက နေအိမ်အများအပြား ကျည်ထိပြီး ပျက်စီးနေသည့်အပြင် လက်ရှိအချိန်မှာ ကွတ်ခိုင်မြို့ နယ်အတွင်း ဖုန်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေခြင်းကြောင့် ဒေသခံများကို တိုက်ရိုက်ဆက်သွယ် မေးမြန်းရန် ခက်ခဲနေသည်၊

တိုက်ပွဲပြင်းထန်နေသည့် နမ့်ဖတ်ကာက ဒေသခံပြည်သူများသည် နီးစပ်ရာ နမ့်အွမ်၊ တီးမား၊ ဟူးဖျတ် အစရှိသည့် ကျေးရွာများနှင့် တောတောင်များဘက် ထွက်ပြေး တိမ်းရှောင်နေကြရသည်။

မူဆယ် နယ်စပ်ကုန်သွယ်ရေး ပြည်ထောင်စုလမ်းမပေါ် ရှိ ကွတ်ခိုင် – မူဆယ်မြို့နယ် ( မူဆယ် – နမ့်ခမ်း – ကြူကုတ် – တရုပ်နယ်စပ်) ကြားမှာ မဖြစ်မနေ ဖြတ်သန်းရသည့် နမ့်ဖတ်ကာကျေးရွာသည် အိမ်ခြေစုစုပေါင်း ၁,၀၀၀ ကျော်ရှိသည့် ကျေးရွာကြီးဖြစ်သည်။

စစ်ကောင်စီတပ်၏ အမြောက်တပ်ရင်း တစ်ရင်းလည်း အခိုင်အမာ ခြေကုတ်ရယူထားသည်။

အဆိုပါ နမ့်ဖတ်ကာမြို့ မြောက်ဘက်ရှိ မူဆယ် ၁၀၅ မိုင်၊ နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့ကိုလည်းမြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

စာတည်း။ ။ နောင်နောင်