မံစီမြို့မှ ခလရ(၂၅၀) ရှေ့တန်းစခန်းကို KIA နှင့် KPDF တိုက်ခိုက်သိမ်းယူ

အဂမ်

(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊မံစီမြို့နယ်မှ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၅၀)၏ ရှေ့တန်းစခန်းဖြစ်သော ဒေသအခေါ် ဘလောင်ဒိန်ဆာတပ်စခန်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၂ရက် နံနက် အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်များထံမှ ကနဦးသတင်းရရှိသည်။

ထိုတပ်စခန်းကို ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်အစောပိုင်းတွင် သိမ်းပိုက်ထားနိုင်ခဲ့ခြင်းဟု သိရသည်။

” သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်များ)တော့ မရှိတော့ဘူး။ ပြေးတဲ့သူက ပြေး၊ သေတဲ့သူက သေနဲ့” ဟု KIA ရှေ့တန်း သတင်းရင်းမြစ်က ပြောသည်။

စခန်းသိမ်းယူပြီးနောက် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကာကွယ်နိုင်‌ရေးအတွက် ယာယီပြန်လည်ဆုတ်ခွာထားကြောင်း ယနေ့နံနက် ၁၀နာရီခန့်အခြေအနေကို မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ တိုက်ပွဲအခြေအနေနှင့် ထိခိုက်မှုများကို မဇ္ဈိမအနေဖြင့် အသေးစိတ်အတည်မပြုနိုင်သေးပေ။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် KPDF ပူးပေါင်းတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီလကလည်း မံစီမြို့နယ်မှ ခမရ(၄၂၄) နှင့် ကိုက်ထိပ်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းယူခဲ့သည်။

စာတည်း – အေးချမ်း