နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၇ဖေဖော်ဝါရီ ၂၀၂၄ ) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • တနင်္သာရီတိုင်း၊လောင်းလုံမြို့နယ်အတွင်း ဗုံးခိုကျင်းများတည် ဆောက်ရန်လိုအပ်သည့် နည်းပညာ ပံ့ပိုးမှုများလိုအပ်ပါက ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံ ဆက်သွယ်အကူညီတောင်းခံနိုင်ကြောင်း လောင်းလုံ ပအဖက ထုတ်ပြန် အသိပေးသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ CDM ဝန်ထမ်းများ၏ တတိယအကြိမ်မြောက် စိတ်ခွန်အားဖြည့်တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၃ ရက်မှာ အွန်လိုင်းကတဆင့်ပြုလုပ်ခဲ့ကြသည်။ 
  •  ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့၌ ဖြစ်ပွားနေဆဲ တိုက်ပွဲများသို့ စစ်ကောင်စီတပ်​၏ မြေပြင်မှ စစ်ကူများ ပို့လာနိုင်ခြေရှိသည့် လမ်းကြောင်းပေါ်မှ စစ်တောင်းတံတားတစင်းကို တော်လှန် ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ဖြတ်တောက်လိုက်ကြောင်း အမျိုးသား ညီညွတ် ရေး အစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ ဒု- စစ်ဒေသခွဲ ရဲဘော်တင်ဦးထံက သိရသည်။ 
  • NUG ၊ KNU ၊ KNPP နှင့် CNF တို့ စုပေါင်း ကြေညာထားသော နိုင်ငံရေး လမ်းပြမြေပုံ ဘုံသဘော ထား ရပ်တည်ချက်ကို KIO ကပါ သဘောတူညီလိုက်ပြီဖြစ်ကြောင်းနဲ့ ဆက်လက်ပြီး ကျန်နေသည့် တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းများက ဘုံသဘောထား ရပ်တည်ချက်၌ တိုက်ရိုက်ပါဝင်လာ စေရေးကို အစဉ်တစိုက် ကြိုးပမ်းတည်ဆောက်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးသည် အကျဉ်းထောင်အတွင်း ဆေးကုသမှုလုံလောက်စွာမရရှိခဲ့ဘဲ ကျောက်ကပ်ရောဂါဖြင့် မန္တလေးဆေးရုံကြီး၌ သေဆုံးသွား ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ယ‌နေ့ ဖေဖော်ဝါရီလ ၇ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 
  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် သပြေချောင်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့စစ်စခန်း တခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့က ဗထူးတပ်မတော်နှင့် ထားဝယ်စုပေါင်းစစ်ကြောင်းတို့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဗထူးစစ်ကြောင်းက ထုတ်ပြန်ထားသည်။ 
  • စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်အခြေစိုက်၊ မုံရွာခရိုင် အမှတ် (၅) တပ်ရင်း ( Aung San Force) တပ်ဖွဲ့မှ တပ်စိတ်မှူး စိုးမြတ်မင်း (ခ) အာဗြဲ၏ စျာပနကို ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ 
  • စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အဝင်ရှိ စစ်‌ကောင်စီတပ်သားများ တပ်စွဲထားသော ကြောင်ပန်း စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့က မောင်းသူမဲ့လေယာဉ်(ဒရုန်း)ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်ဖွဲ့(SNA)တပ်မှ တပ်စိတ်မှူးအဆင့်ရှိ ရဲဘော်တစ်ဦး လက်နက်နှင့်အလင်းဝင်လာကြောင်း ခန္တီးခရိုင်တပ်ရင်း(၃)- HPDF-124 က သတင်းထုတ်ပြန်သည်။ 
  • ​​တော်လှန်​ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား​သော ​ကောလင်းမြို့ကို စစ်​ကောင်စီတပ်က ပြန်သိမ်းနိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်လာမှု တတိယ​မြောက်​နေ့တွင်​လေ​ကြောင်းတိုက်ခိုက်မှု စအသုံးပြုလာသလို မြေပြင်စစ်​ကြောင်းများထိုး တိုက်ခိုက်လာသဖြင့်တိုက်ပွဲများတစ်​နေကုန် ပြင်းထန်​နေ​​ကြောင်း ​​​တော်လှန်​ရေးတပ်ဖွဲ့များက ​ပြောသည်။ 
  • ကချင်ပြည်နယ် ဖားကန့်မြို့နယ် တစ်နေရာတွင် ဒေသခံပြည်သူများနှင့် မှော်လှည့်သပိတ် စစ်ကြောင်းတို့ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ် ယနေ့ (ဖေဖော်ဝါရီ ၇) ချီတက်ဆန္ဒပြခဲ့ကြသည်။ 
  • မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှု အထောက်အပံ့ လုပ်ငန်းများ ထဲထဲဝင်ဝင် ဆောင်ရွက်ရင်း ပဋိပက္ခများကို ကူညီ ဖြေရှင်းပေးနိုင်ရန် မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။ 
  • ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်တွင် အိန္ဒိယ နိုင်ငံသား အားလုံး ပြည်နယ်အတွင်းက ချက်ချင်း ထွက်ခွာကြရန် အိန္ဒိယအစိုးရ၏ ပြည်ပရေး ရာဝန်ကြီးဌာန (MEA)က သတိပေးထုတ်ပြန်လိုက်သည်။ 
  • တရားမဝင် အာဏာသိမ်းကြိုးပမ်းချိန်မှ စတင်ပြီး အကြမ်းဖက်မြန်မာစစ်အုပ်စုအပေါ် ချမှတ်ထား တဲ့ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများကို Justice for Myanmar က နှိုင်းယှဥ်ဖော်ပြ ဝေဖန်ပြောဆိုလိုက်ပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ပဲခူးတိုင်း ၊ ထန်းတပင်မြို့နယ် ၊ ဇရပ်ကြီးအခြေစိုက် အကြမ်းဖက်စစ်တပ်၏ ခလရ ၇၃ အပါအဝင် အခြားအကြမ်းဖက်စစ်တပ် အခြေစိုက်နေရာများကို တပ်မဟာ ၂ ၊ တပ်မဟာ ၃ နှင့် KNLA/PDF အစရှိသည့် တော်လှန်ရေးပူးပေါင်းတပ်များ ယနေ့  တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်ထား နိုင်ပြီး ဖြစ်ကြောင်း  PVTV တွင် သတင်းဖော်ပြထားသည်။ 
  • ရှမ်းပြည်နယ်မြောက်မှ သိမ်းပိုက်ထားသည့် မြို့များတွင် ‌မြေမြှုပ်မိုင်းများရှင်းလင်းရန် မိုင်းရှင်း လင်း‌ရေးကိရိယာများလိုအပ်နေကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။ 
  • ဘင်္ဂလားဒေ့ရှ်နှင့်ရခိုင်ပြည်နယ်နယ်စပ် မောင်တောမြို့ရှိ စစ်ကောင်စီတပ်၏တောင်ပြို(လက်ဝဲ)နှင့် (လက်ယာ)စခန်းနှစ်ခုလုံးအား သုံးရက်တာကာလအတွင်း ရက္ခိုင့်တပ်တော်(AA)က အပြီးသတ် သိမ်းပိုက်ရရှိကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်ညဥ့်နက်ပိုင်းက ထုတ်ပြန်ထားသည်။ 
  • ချင်းနှင့် ကချင်အမျိုးသားများအပါဝင် တိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေသော နိုင်ငံရေးပန်းတိုင်ရောက်ရှိရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်/ တပ်မတော်(KIO/KIA)နှင့် အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး/ တပ်မတော် (CNF/CNA)က ဖေဖော်ဝါရီလ ၅ရက် ယမန်နေ့တွင်ထုတ်ပြန်သည်။ 
  • ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲအချို့ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးမှုရှိခဲ့ကြောင်း PNLAက ယနေ့ သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ဖားကန့်လမ်းပေါ်ရှိ မအူပင်ရွာကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်မီးရှိူ့ဖျက်ဆီးသွားကာ ကချင်နှစ်ခြင်းအသင်းတော်မှ သိက္ခာ တော်ရဆရာ ဦးလရှီးတူးလွမ် အပါအဝင် ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူ များထံမှ သိရှိရသည်။ 
  • ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် နေရာတွင် ဗိုလ်မှူးကြီး မျိုးဝင်းကို ခန့်အပ်ခဲ့ပြီး မကွေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းနေရာ၌  ဗိုလ်မှူးကြီး မိုးမင်းသိန်းကို ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 
  • အတိတ်က တွေ့ကြုံခဲ့ရသည့်ဖြစ်စဉ်များကို သင်ခန်းစာယူပြီး လမ်းကြောင်းမှန်ပေါ်တွင် တက်ညီလက်ညီ လျှောက်လှမ်းရတော့မည့် အချိန်အခါရောက်နေပြီဖြစ်ကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ 
  • ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်  မကွေးတိုင်းအတွင်း နယ်မြေမီးသတ်စခန်း ၆ ခုကို ထပ်တိုးတည်ဆောက်ထားကြောင်း မကွေးတိုင်း မီးသတ်ဦးစီးမှူးဦးမျိုးလှိုင်က ပြောဆိုချက်ကို ကိုးကား၍ One News သတင်းတွင် ဖော်ပြထားသည်။ 

ဖေဖော်ဝါရီ ၇ သုံးသပ်ချက် 

  • စစ်ကောင်စီက ထောင်ထဲတွင်ရှိသည့် နိုင်ငံရေးအကျဉ်းသားများကို နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ်ကာ ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ကာ နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေးမျိုးစုံချိုးဖောက်နေသည်။