ဆီဆိုင်တွင် နေအိမ်ဖောက်ထွင်းခိုးယူမှု နေ့စဉ်ဖြစ်ပွားနေပြီး သူခိုးများ အတင့်ရဲလျက်ရှိ

ပုံစာ-PNLA လုံခြုံရေးတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဖောက်ထွင်းသူခိုးများ(Photo ပေးပို့)

007

(မဇ္စျိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် ယခုရက်ပိုင်းအတွင်း နေအိမ်များကို ဖောက်ထွင်းခိုးယူ မှုများ နေ့စဉ်ဖြစ်ပွားနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

တရက်လျှင် ဖောက်ထွင်းခိုးယူမှုအပါအဝင် ခိုးဆိုးနှိုက်လုယက်မှု ခုနစ်ကြိမ်ထက်မနည်း ဖြစ်ပွားနေပြီး အများစုမှာ နေအိမ်နှင့် ဆိုင်ခန်း ဖောက်ထွင်းခိုးယူမှုများဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲတွေပြင်းထန်နေတဲ့ ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး ဖောက်ထွင်းသူခိုးတွေပေါ်လာတယ်။ ဒီရက်ထဲ ပို ဆိုးလာတယ်၊ အတင့်ရဲလာတယ်။ အတင့်ရဲရဲနဲ့ကိုလုပ်လာတာ။ PNLA နဲ့အလှမ်းဝေးတဲ့နေရာတွေမှာ ပို အဖြစ်များတယ်” ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။

“မြို့ထဲမှာ PNLA လုံခြုရေးကင်းလှည့်နေချိန်တွေမှာမဖြစ်ဘူး။ တချို့နေရာတွေမှာ စကစတွေ ထိုင်ထား တဲ့နေရာတချို့ရှိနေသေးတယ်။ အဲဒီလိုနေရာတွေမှာအဖြစ်များတာပဲ။ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့ မြင်တယ်” ဟု အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့တခုမှ အမည်မဖော်လိုသူတဦးကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင် မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီ သည် မြို့အလုံးစုံ ပျက်စီးစေရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့်လုပ်ဆောင်နေကြောင်း PNLA မှ ယမန်နေ့ က သတင်းထုတ်ပြန် အသိပေးထားသည်။

PNLA ထိန်းချုပ်ထားသည့်ဆီဆိုင်မြို့ကို စစ်ကောင်စီနှင့်အပေါင်းအပါများက လက်နက်ကြီးများ၊ လေ ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် နေ့စဉ်တိုက်ပွဲပြင်းထန်နေကြောင်း၊ အခြေအနေတည်ငြိမ်မှု မရှိသည်ကိုအခွင့်ကောင်းယူပြီး ပြည်သူများ၏ပစ္စည်းများကိုပါ ခိုးယူခြင်းတို့ရှိနေကြောင်း သိရသည်။

ထို့အတွက် ပြည်သူလူထုအနေဖြင့် စစ်ကောင်စီဘေးရန်မှကင်းဝေးသည့်နေရာများတွင် ယာယီခိုလှုံ နေ ထိုင်ကြရန် PNLA က တိုက်တွန်းထားသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊စံဖူးကျေးရွာတွင် ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီ တပ်၊ PNO ပူးပေါင်းတပ်ဖွဲ့နှင့် PNLA တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှ ရှမ်းပြည်တောင်ပိုင်းတွင် တိုက်ပွဲ များစတင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့တွင် PNLA က ဆီဆိုင်မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။

စစ်ကောင်စီသည် ဆီဆိုင်မြို့ကိုပြန်လည်ရယူနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့်လုပ်ဆောင်နေပြီး လူမျိုးရေး ပဋိပက္ခဖြစ်စေရန်လည်း ဖန်တီးလှုံ့ဆော်မှုရှိနေကြောင်း အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့များက ဇန်နဝါရီလ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ