မော်လ်ဒိုက်က ပြည်ပနှင့်အလုံးစုံကြွေးမြီပြဿနာ ရင်ဆိုင်ရနိုင်ခြေမြင့်မားနေဟု IMF သတိပေး

ပုံစာ-မော်လ်ဒိုက်သမ္မတ မိုဟာမက်မီဇူး

ပုံစာ-မော်လ်ဒိုက်သမ္မတ မိုဟာမက်မီဇူး

Devdicourse

မော်လ်ဒိုက်နိုင်ငံသည် ဘဏ္ဍာရေးလိုငွေပြမှုနှင့် အစိုးရကြွေးမြီများ မြင့်တက်နေမှုကို ရင်ဆိုင်နေရသလို ပြည်ပနှင့် အလုံးစုံကြွေးမြီပြဿနာအန္တရာယ်မှာလည်း မြင့်မားနေဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အစီရင်ခံစာတွင် ဖော်ပြထားသည်။

စီးပွားရေးပညာရှင် ပီရာပွန်ဆော်ဒရီဝီဘွန်း ဦးဆောင်သော IMF အဖွဲ့သည် လတ်တလော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် နိုင်ငံ၏မူဝါဒဆိုင်ရာ ဦးစားပေးမှုများကို ဆွေးနွေးရန် ဇန်နဝါရီ ၂၃ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ မော်လ်ဒိုက်မြို့တော် မာလေသို့ သွားရောက်ခဲ့ပြီးနောက် ယခုအစီရင်ခံစာ ထုတ်ပြန်လာခြင်းဖြစ်သည်။

ကိုဗစ်ကပ်ရောဂါကြောင့် ကျဆင်းခဲ့သော မော်လ်ဒိုက်စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် ၁၃ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၄ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ခန့်မှန်းထားကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုကိုလည်း ၂၀၂၄ ခုနှစ်တွင် ၅ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

လောင်စာဆီစျေးနှုန်းများ မြင့်မားလာမှုနှင့် သွင်းကုန်လိုအပ်ချက်များ များပြားလာမှုနှင့်အတူ ၂၀၂၄ ခုနှစ်တွင် ဘဏ္ဍာလိုငွေ ကြီးမားနေဦးမည်ဟု ခန့်မှန်းထားကြောင်း IMF က ထောက်ပြထားသည်။

မူဝါဒ ထူးထူးခြားခြား မပြောင်းလဲပါက အလုံးစုံဘဏ္ဍာရေးလိုငွေပြမှုနှင့် အစိုးရကြွေးမြီများသည် ဆက်လက်မြင့်မားနေကာ မော်လ်ဒိုက်သည် ပြည်ပနှင့် အလုံးစုံကြွေးမြီပြဿနာကို ကြုံတွေ့နိုင်သည့်အန္တရာယ်မြင့်မားဆဲဖြစ်သည်ဟုလည်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ မော်လ်ဒိုက်နိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုအန္တရာယ်များကို ခံနိုင်ရည်အလွန်မဲ့သောနိုင်ငံဖြစ်ကာ ရေကြီးမှုနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ဆိုးရွားသောစီးပွားရေးကုန်ကျစရိတ်များကို ရင်ဆိုင်ရနိုင်ဖွယ်ရှိသည်။

အားနည်းချက်များကို လျှော့ချရန်နှင့် အစိုးရဘဏ္ဍာနှင့်ကြွေးမြီများကိုထိန်းသိမ်းကြပ်မတ်နိုင်ရေးအတွက် ပိုမိုတင်းကျပ်သော ငွေကြေးနှင့် ချင့်ချိန်ချမှတ်ထားသည့်စီးပွားရေးမူဝါဒများနှင့်အတူ စဉ်ဆက်မပြတ်ဘဏ္ဍာရေးအစုတခု လိုအပ်ကြောင်း IMF က ပြောသည်။

ရာသီဥတုဆိုင်ရာ ဘဏ္ဍာငွေများနှင့် ကတိကဝတ်များ ပိုမိုရရှိစေမည့် ရာသီဥတုလိုက်လျောညီထွေရှိမှုနှင့် အန္တရာယ်လျော့ပါးရေးဆိုင်ရာ ကြိုးပမ်းမှုများကို အထောက်အပံ့ပေးမည့် အဖွဲ့အစည်းများ အားကောင်းစေရန်လည်း IMF အစီရင်ခံစာက အကြံပြုထားသည်။ ဖေဖော်ဝါရီ ၅ ရက်က မော်လ်ဒိုက်သမ္မတ မိုဟာမက်မီဇူးသည် ပါလီမန်တွင် မိန်းခွန်းပြောကြားခဲ့ပြီး အတိုက်အခံများက အစည်းအဝေးကို သပိတ်မှောက်ခဲ့ကြသည်။

မီဇူးက ကုန်းတွင်း၊ ဝေဟင်နှင့် ရေကြောင်းဆိုင်ရာ နယ်မြေများတလျှောက် ၎င်း၏ စစ်ရေးစွမ်းရည်များ ခိုင်မာစေရေးအား အလုံးစုံကာကွယ်ရေးဗျူဟာ၏ တစိတ်တပိုင်းအဖြစ် မော်လ်ဒိုက်နိုင်ငံအတွက် လိုအပ်မှုကို အလေးပေးပြောဆိုခဲ့သည်။ “မော်လ်ဒိုက်ရဲ့ သမုဒ္ဒရာတွေနှင့် ကမ်းရိုးတန်းတွေကို တိုင်းတာ မြေပုံဆွဲဖို့ ပြည်ပနိုင်ငံတွေကို ခွင့်ပြုထားတဲ့သဘောတူညီချက်ကို သက်တမ်းတိုးမှာမဟုတ်ဘူးဆိုတာ မော်လ်ဒိုက်အစိုးရက တရားဝင် ဆက်သွယ်ပြောကြားခဲ့ပြီးပါပြီ” ဟု သမ္မတက ဆိုသည်။

အိန္ဒိယတပ်များ ဆုတ်ခွာရေးအတွက် သံတမန်ရေးရာ ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်းလည်း မီဇူးက ပြောသည်။ နောက်ဆုံး စေ့စပ်ညှိနှိုင်းမှုအရ လေကြောင်းပလပ်ဖောင်းသုံးခုအနက် တခုရှိ အိန္ဒိယစစ်သားများအား ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်မတိုင်မီ လည်းကောင်း၊ ကျန်ရှိသည့် ပလက်ဖောင်းနှစ်ခုရှိ စစ်သားများအား ၂၀၂၄ ခုနှစ် မေလ ၁၀ ရက်မတိုင်မီ လည်းကောင်း ရုပ်သိမ်းမည်ဖြစ်သည်။ မော်လ်ဒိုက်ရှိ အိန္ဒိယတပ်များကို ဖယ်ရှားခြင်းသည် သမ္မတမီဇူးပါတီ၏ အဓိက မဲဆွယ်ချက်ဖြစ်သည်။ လက်ရှိတွင် မော်လ်ဒိုက်တွင် Dornier 228 ရေကြောင်းကင်းလှည့်လေယာဉ်နှင့် HAL Dhruv ရဟတ်ယာဉ်နှစ်စင်းတို့နှင့်အတူ အိန္ဒိယတပ်ဖွဲ့ဝင် ၇၀ ဝန်းကျင်ရှိသည်။

မော်လ်ဒိုက်နှင့် အိန္ဒိယတို့ကြား အဆင့်မြင့်အရာရှိများ ဒုတိယအကြိမ် အစည်းအဝေးကို ပြီးခဲ့သည့် သီတင်းပတ်က နယူးဒေလီ၌ ကျင်းပခဲ့သည်။ တတိယအကြိမ် အစည်းအဝေးကို ယခုလနှောင်းပိုင်းတွင် ကျင်းပမည်ဟု မျှော်လင့်ရသည်။